ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တောင်ငူခရိုင်အတွင်းရှိ စွန့်လွှတ်မြေ (၄၈၁ ဒသမ ၉၃)အား မူလတောင်သူများ လက်ဝယ်သို့ ပုံစံ(၃)များဖြင့် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တောင်ငူခရိုင်အတွင်းရှိ စွန့်လွှတ်မြေ (၄၈၁ ဒသမ ၉၃)အား မူလတောင်သူများ လက်ဝယ်သို့ ပုံစံ(၃)များဖြင့် ပြန်လည်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် ဩဂုတ် ၂၅

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တောင်ငူမြို့နယ်နှင့် သံတောင် ကြီးမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တောင်ငူခရိုင် အတွင်းရှိ စွန့်လွှတ်မြေ (၄၈၁ ဒသမ ၉၃)ဧကအား မူလတောင်သူများလက်ဝယ်သို့ ပုံစံ(၃)များဖြင့် ပြန်လည်ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက် အမှာစကား ပြော ကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဦးလှကျော်နှင့် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မော်တော်ယာဉ်များ ဖြင့် တောင်ငူမြို့သို့ရောက်ရှိရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် တာဝန်ရှိ သူများက ကြိုဆိုနှုတ်ဆက်ကြသည်။

ထို့နောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ် ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် တောင်ငူမြို့ ကေတုရ တနာခန်းမ၌ ကျင်းပသည့် တောင်ငူခရိုင်အတွင်းရှိ စွန့်လွှတ်မြေ (၄၈၁ ဒသမ ၉၃)ဧက အား မူလတောင်သူများလက်ဝယ်သို့ ပုံစံ(၃)များဖြင့် ပြန်လည်ပေးအပ်ပွဲ အခမ်းအနား သို့ တက်ရောက် အမှာစကား ပြောကြားသည်။

အဆိုပါ အခမ်အနားသို့ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ တိုင်းဒေသ ကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်၊ ဒုတိယဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ လယ်ယာမြေနှင့် အခြားမြေ များသိမ်း ဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပြန်လည် စွန့်လွှတ်သည့်မြေများ လက်ခံရယူသည့်တောင်သူများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူ များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြားရာ၌ ယနေ့အခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၊ အုတ်တွင်းမြို့နယ်၊ ကျောက်ကြီးမြို့နယ်အတွင်းရှိ ကာကွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည် စွန့်လွှတ်မြေ ဧရိယာ (၄၈၁ ဒသမ ၉၃)ဧကအား မူလတောင်သူ ၁၂၃ ဦးသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၃)များ ပေးအပ်သွားမည်ဖြစ်ပါကြောင်း။

သိမ်းဆည်းမြေဆိုင်ရာ အမှုတွဲများ အမြန်ပြီးပြတ်အောင် ဖြေရှင်းနိုင်ရေးအတွက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ အဆင့်ဆင့်ကို တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု အဆင့်အထိ လွှတ်တော်ကိုယ်စားလှယ်များ၊ တောင်သူလယ်သမား အဖွဲ့အစည်း ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်း တာဝန်ပေးအပ်ကာ သိမ်းဆည်းမြေပေါ်တွင် စီမံကိန်းအကောင်အထည် ဖော်၍ အမှန် တကယ် အသုံးချမှု ရှိ၊မရှိ၊ သိမ်းဆည်းထားသော မြေများကို ဒေသဖွံ့ဖြိုး တိုးတက်မှုအတွက် အသုံးချမှု ရှိ၊မရှိနှင့် မြေဧကများစွာ လွှဲပြောင်းရယူထားသော်လည်း လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိဘဲ နိုင်ငံတော်နှင့် အများပြည်သူ အတွက် အကျိုးမဲ့ ဖြစ်နေသည့် မြေများကို စိစစ်ပြီး မူလပိုင်ရှင် အစစ်အမှန်များကို မြေယာဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည် စွန့်လွှတ် လွှဲပြောင်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ထို့အတူ ဥပဒေနှင့်အညီ လွှဲပြောင်းရယူထားပြီး လက်တွေ့တွင်လည်း နိုင်ငံတော် နှင့် အများပြည်သူအကျိုးငှာ အမှန်တကယ် ထိရောက်စွာ အသုံးပြုလျက်ရှိသည့် မြေများကို ဌာနဆိုင်ရာအဖွဲ့အစည်းများမှ လုပ်ငန်းဆောင်တာများ ဆက်လက်လုပ် ဆောင်နေသဖြင့် စွန့်လွှတ်နိုင်ခြင်းမရှိပါကလည်း ပွင့်လင်းမြင်သာစွာ အသိပေးရှင်းလင်း ခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သိမ်းဆည်းမြေကိစ္စရပ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှုများ လျင်မြန်စွာ ပြီးစီးနိုင်ရေးအတွက် ဒုတိယ ဝန်ကြီးများ ပါဝင်သည့် သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေးအဖွဲ့ (၄)ဖွဲ့ကို ဖွဲ့စည်း ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ သွားရောက် စိစစ်စေခဲ့ပါကြောင်း။

လုပ်ငန်းစိစစ်ရေးအဖွဲ့(၄)ဖွဲ့၏ တင်ပြချက်များအရ အောက်ခြေတွင် ဖွဲ့စည်း ထားသော ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ် မြေစစ်ကော်မတီများအား ပီပီပြင်ပြင် ဖွဲ့စည်းမှု မရှိခြင်း၊ မူဝါဒ(၅၂) ချက်ကို အောက်ခြေ ဖြေရှင်းဆောင်ရွက်နေသူများက ကျေကျေ လည်လည် မသိရှိခြင်းတို့ကို တွေ့ရှိရသည့်အတွက် မြေစစ်ကော်မတီ အဆင့်ဆင့်ကို ထိထိ ရောက်ရောက် လုပ်ကိုင်နိုင်ရန် အဆိုပါအဖွဲ့များ ကွင်းဆင်းစိစစ်ချိန်တွင် လွှတ်တော် ကိုယ်စားလှယ်များ ပါဝင်နိုင်ရန် အလေးထားဆောင်ရွက် စေလိုပါကြောင်း။

မြေစစ်ကော်မတီ အဆင့်ဆင့်အနေဖြင့် ဗဟိုက ချမှတ်ပေးထားသည့် မူဝါဒများ အတိုင်း စိစစ်သုံးသပ် ဆုံးဖြတ်ချက် ချမှတ်ပေးသွားရန် လိုအပ်သကဲ့သို့ ဗဟိုကို တင်ပြသည့်အခါတွင်လည်း တစ်ဆင့်ခံ တင်ပြသည့်ပုံစံမျိုး မဟုတ်ဘဲ မိမိတိုင်း ဒေသကြီး၊ ပြည်နယ်မြေစစ်အဖွဲ့၏ သုံးသပ်ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်စေမည့် အစီ အစဉ်ပါ ထည့်သွင်းတင်ပြခြင်းဖြင့် အမှုတွဲများကို မှန်မှန်နှင့် မြန်မြန် ဖြေရှင်းပြီးစီး နိုင်မည်ဖြစ်ပါကြောင်း။

ပြန်လည်စွန့်လွှတ်မည့် ဝန်ကြီးဌာနများအနေဖြင့်လည်း မြေပြန်လည် စွန့်လွှတ် နိုင်ရေးအတွက် အဖွဲ့နှင့်မြေပြင်ကွင်းဆင်းစစ်ဆေးပြီး စိစစ်ရာတွင် အဆုံးအဖြတ်ပေးနိုင် သည့်ပုဂ္ဂိုလ်များ လိုက်ပါဖြေရှင်းခြင်းအားဖြင့် မြေစွန့်လွှတ်အပ်နှံခြင်း လုပ်ငန်းများ အချိန်တိုအတွင်း အောင်မြင်ပြီးမြောက်အောင် အလေးထားဆောင်ရွက်ရန် တိုက်တွန်း လိုပါကြောင်း။

နိဂုံးချုပ်အနေဖြင့် ယခုကဲ့သို့ မူလလက်ငုတ် တောင်သူလယ်သမားများ လက်ဝယ်သို့ လက်ရောက်ပေးအပ်နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြသည့် ကာကွယ်ရေးဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ တောင်သူများအနေဖြင့်လည်း မိမိတို့ရရှိသည့် မြေများကို စိုက်ပျိုးလုပ်ကိုင်ရာတွင် မိမိတို့အကျိုးစီးပွား၊ ဒေသအကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်အောင် ရည်မှန်းပြီး ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက် တွန်း ပြောကြားသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက တိုင်းဒေသကြီးအတွင်း စွန့်လွှတ်မြေများအား ပြန်လည်ပေးအပ်နိုင်ရေး ဆောင်ရွက်ပေး နေမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် တောင်ငူတပ်နယ်မှ ကိုယ်စားလှယ်များက တောင်ငူမြို့နယ် ကျွန်းကုန်း ကျေးရွာအုပ်စုရှိ ပြန်လည်စွန့်လွှတ်မြေ (၂၁၀ ဒသမ ၄၅) ဧကအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများ၊ အုတ်တွင်းမြို့နယ် မဲကုန်းကျေး ရွာအုပ်စုရှိ ပြန်လည်စွန့်လွှတ်မြေ (၁၀)ဧကအတွက် သက်ဆိုင်ရာ စာရွက်စာတမ်းများနှင့် ကျောက်ကြီးမြို့နယ် ကျောက်ပုံ လယ်ကျေးရွာအုပ်စုရှိ ပြန်လည်စွန့်လွှတ်မြေ (၂၆၁ ဒသမ ၄၈)ဧကအတွက် သက်ဆိုင် ရာ စာရွက်စာတမ်းများကို တောင်ငူခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးထက်ထံသို့ လွှဲပြောင်း ပေးအပ်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်ရင်နှင့် တိုင်း ဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးအောင်ဇော်နိုင်တို့က တောင်ငူမြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု၊ အုတ်တွင်းမြို့နယ် မဲကုန်းရပ်ကွက်နှင့် ကျောက်ကြီးမြို့နယ် ကျောက်ပုံလယ်ကျေးရွာအုပ်စုတို့မှ တောင်သူကိုယ်စားလှယ်များ ထံ ယာယီလုပ်ကိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များကို ပေးအပ်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်၊ အုတ်တွင်း မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့မှ ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၃)များ လက်ခံ ရရှိကြသည့် တောင်သူများကိုယ်စား တောင်သူ ဦးလှသိန်းက ကျေးဇူးတင်စကား ပြန် လည် ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ဆက်လက်၍ ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ တော်ဝင်ကေတုမတီ ယဉ်ကျေးမှုပြတိုက်သို့ရောက်ရှိရာ ရှေးဟောင်းသုတေသနနှင့် စာကြည့်တိုက်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် တာဝန်ရှိသူများက ကေတု မတီမြို့၏ သမိုင်း၊ ရှေးခေတ်မြို့ဟောင်း၊ ကျုံး၊ မြို့ရိုး၊ မြို့ဝင်ပေါက်များ အခြေအနေ၊ ဘဏ္ဍာနှစ်အလိုက် တူးဖော်ထိန်းသိမ်းရန် လျာထားမှုအခြေအနေ၊ ရှေးဟောင်းအမွေအ နှစ်များဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေးအတွက် တိုးချဲ့ဆောင်ရွက်မည့် အခြေအနေနှင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြတိုက်မှူး ဒေါက်တာမာမာဝေက တော်ဝင်ကေတုမတီ ရှေးဟောင်း ယဉ်ကျေးမှုပြတိုက် ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်၊ ရှေးဟောင်းအမွေအနှစ်များ ထိန်းသိမ်း ထားရှိမှု၊ ပြတိုက်အတွင်း ပြခန်းများခင်းကျင်းပြသထားမှု အခြေအနေနှင့် ခရီးသွားလုပ် ငန်းဖွံ့ဖြိုးရေးအတွက် ဆက်လက်တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် ပြတိုက်အတွင်း ကေတုမတီ မြို့ဟောင်းနှင့်သက်ဆိုင်သည့် ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျ ခင်းကျင်း ပြသထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုလေ့လာသည်။

မွန်းလွဲပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ ကျောက်တိုင်ကျေးရွာ ရှိ စိုက်ပျိုးရေးဦးစီးဌာန ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (လိပ်သို) ကျောက်တိုက်ခြံခွဲသို့ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ကော်ဖီနှင့် မှို ပျိုးပင်များ ပျိုးထောင်ထားရှိ မှု၊ ကော်ဖီသုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးခြံမှ တောင်သူအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ကော်ဖီနည်းပညာပြန့်ပွားရေးသင်တန်းများ ဖွင့်လှစ်ပြီးစီးမှု၊ ၂၀၁၈ -၂၀၁၉ စိုက်ပျိုးရာသီအတွက် ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများကို ရှင်း လင်းတင်ပြကြသည်။

ထို့နောက် ဒုတိယသမ္မတသည် ကော်ဖီခြံအတွင်း ပျိုးပင်များ ပျိုးထောင်ထားရှိမှု အခြေအနေများ၊ ကရင်ပြည်နယ်မှ ကော်ဖီစိုက်ပျိုးထုတ်လုပ်သူများမှ ခင်ကျင်းပြသ ထားသည့် ကုန်ချောထုတ်ကုန်များကို လှည့်လည်ကြည့်ရှုပြီး သိလိုသည်များကို မေးမြန်း ကာ ကော်ဖီခြံများအတွင် သီးပင် စားပင်များကို သီးညှပ်အဖြစ် ထည့်သွင်းစိုက်ပျိုးရန်နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်ရာတွင် အကျိုးအမြတ် များများရရှိရန် နည်းပညာကို အသုံးပြု ၍ ကုန်ချောများ ထုတ်လုပ်ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာ ကြားသည်။

အဆိုပါ ကော်ဖီ-ရာသီသီးနှံဌာနခွဲ ကော်ဖီနည်းပညာဖွံ့ဖြိုးရေးခြံ (လိပ်သို) ကျောက်တိုက်ခြံခွဲသည် အဓိကအနေဖြင့် ကော်ဖီသုတေသနလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး ကရင်ပြည်နယ်အတွင်း ကော်ဖီ ဧက ၅၀၀၀ စိုက်ပျိုးနိုင်ရေးအတွက် ပျိုးပင်များကို စိုက်ပျိုးထုတ်လုပ်ပေးလျက်ရှိကြောင်း သိရသည်။

ယင်းနောက် ဒုတိယသမ္မတသည် တောင်ငူမြို့မှ သံတောင်ကြီးမြို့သို့ သွား ရောက်ပြီး စက်မှုဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်းမှ ပြန်လည်စွန့်လွှတ်အပ်နှံမည့် မြေ နေရာကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး နှင့် တာဝန်ရှိသူများက စွန့်လွှတ်မြေများ မူလတောင်သူများလက်ဝယ်သို့ အမြန်ဆုံး လွှဲ ပြောင်းပေးအပ်နိုင်ရေးအတွက် ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့သည် သံတောင်ကြီး တပ်မတော် လက်ဖက် ခြောက်စက်ရုံသို့ရောက်ရှိပြီး လက်ဖက်ခြောက်ထုတ်လုပ်မှု လုပ်ငန်းအဆင့်ဆင့်ကို လှည့်လည်ကြည့်ရှုရာ စက်ရုံမှူးက လိုက်လံရှင်းလင်းပြသသည်။

ထို့နောက် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ နော်ဘူဘော ဆုတောင်း တောင်သို့ သွားရောက်လေ့လာပြီး သံတောင်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးသူရထွန်းလင်းက မြို့နယ် ဆိုင်ရာအချက်အလက်များကိုလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးစိုးမြင့်က မြို့နယ်အတွက် သောက်သုံးရေ တိုးချဲ့ပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထား ရှိမှု အခြေအနေများကိုလည်းကောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်လွင်က သံတောင်ကြီး မြို့နယ်အတွင်း သစ်တောကြိုးဝိုင်းများ တည်ထောင်ထားရှိမှုနှင့် သစ်တောဖုံးလွှမ်းမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက သံတောင်ကြီးဒေသသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရန်အတွက် အလားအလာကောင်းများ ရှိပါကြောင်း၊ ယခုအခါ ဗီဇာဖြေလျော့မှုများ ဆောင်ရွက်ပေးထားသည့်အတွက် နိုင်ငံခြား ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်မည်ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင် ဆောင်ရွက် ထားရှိရန် လိုအပ်ပါကြောင်း မှာကြားသည်။

ထို့နောက် ဒုတိယသမ္မတသည် အစိုးရ နည်းပညာ အထက်တန်းကျောင်း တည် ဆောက်ဖွင့်လှစ်မည့် မြေနေရာသို့ရောက်ရှိရာ ပညာရေးဝန်ကြီးဌာန နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာနေမျိုး ထွန်းနှင့် တာဝန်ရှိသူများက မြေနေရာအကျယ်အဝန်း၊ ကျောင်းအဆောက်အဦနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်အခြေအနေ၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြရာ ဒုတိယသမ္မတက လိုအပ် ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

ညပိုင်းတွင် ဒုတိယသမ္မတသည် အဖွဲ့ဝင်များနှင့်အတူ မော်တော်ယာဉ်များဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိကြသည်။