ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက် အဖွင့်အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၈

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီလုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ယနေ့မွန်းလွဲ ၃ နာရီတွင် နေပြည်တော်ရှိနိုင်ငံတော်သမ္မတအိမ်တော် ဒုတိယသမ္မတ ဦးစီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက် အဖွင့်အမှာစကားပြောကြား သည်။

ညှိနှိုင်းအစည်းအဝေးတွင် ဒုတိယသမ္မတက ၂၀၁၈ခုနှစ်ဇွန်လနှင့်ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံအတွင်းတိုင်းဒေသကြီး/ ပြည်နယ်အချို့ တွင် ရေဘေးအန္တရာယ်ကြုံတွေ့ခဲ့ရပါကြောင်း၊ အထူးသဖြင့်တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့်ပဲခူးတိုင်းဒေသကြီးတို့တွင် ထိခိုက်ခံစားရမှုများပြားခဲ့ပါ ကြောင်း။

အဆိုပါရေဘေးသင့်ပြည်သူများအတွက် ဘေးအန္တရာယ်ကျရောက်ပါက တုံ့ပြန် ဆောင်ရွက်နိုင်ရန် မူလကတည်းကချမှတ်ထားပြီး အစီအမံများအတိုင်းအရေးပေါ် ကယ်ဆယ် ရေးလုပ်ငန်းများ၊ ထောက်ပံ့မှုလုပ်ငန်းများကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲကော်မတီနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များက ပံ့ပိုးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီကို၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးယင်းကော်မတီ အောက်တွင် လုပ်ငန်းကော်မတီ ၁၂ ခုကိုဖွဲ့စည်းကာ သဘာဝဘေးကာကွယ်ရေး၊ ကယ်ဆယ်၊ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပါကြောင်း။

ယခုအခါပျက်စီးဆုံးရှုံးနစ်နာမှုများကို ပြန်လည်ကုစားပေးရမည့်အချိန်ဖြစ်သည့် အတွက် “ဘေးသင့်ဒေသများအမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့”ကိုဖွဲ့စည်းနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသဖြစ်ကြောင်း သတ်မှတ်ခြင်းဆိုင်ရာ ကိစ္စရပ်များ နှင့် စပ်လျဉ်းပြီးဆွေးနွေးနိုင်ရေးနှင့် လက်ရှိသဘာဝဘေးဒဏ် ခံစားခဲ့ရမှု၊ ထောက်ပံ့ကူညီ ဆောင်ရွက်ပေးထားမှု၊ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအစဉ်များနှင့် ကျန်ရှိနေသေးသည့် မိုးရာသီကာလအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြမည့် အစီအမံများကို ဝိုင်းဝန်း ဆွေးနွေးအကောင်အထည်ဖော်နိုင်ရေးအတွက် ယခုအစည်းအ‌ဝေးကို ခေါ်ယူကျင်းပရခြင်း ဖြစ်ပါ ကြောင်း။

သဘာဝဘေးတစ်ခုဖြစ်ပေါ်ပြီး အရေးပေါ်ရှာဖွေကယ်ဆယ်ရေး၊ ထောက်ပံ့ကူညီရေး လုပ်ငန်းများ ဆောင်ရွက်မှုအပြီးတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအတွက် လုပ်ငန်းကော်မတီ (၁၂)ခုတွင် ပါရှိသော“ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းကော်မတီ”နှင့် “အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ပြန်လည်ထူထောင်ရေး လုပ်ငန်းကော်မတီ”(၂)ခုက အဓိကဆောင်ရွက်သွား မည်ဖြစ်သော်လည်းပြန်လည်ထူထောင်ရေးလုပ်ငန်းများကို မြန်မြန် ဆန်ဆန် ထိထိရောက်ရောက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်နိုင်ရေး၊ ကူညီပံ့ပိုးပေးနိုင်ရေး နှင့်လိုအပ်ချက်များ ပြန်လည်သုံးသပ် ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် “ဘေးသင်‌့ဒေသများ အမြန်ပြန်လည်ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့”ကို ဖွဲ့စည်းတာဝန်ပေးအပ်သွားမည်ဖြစ် ပါကြောင်း။

နိုင်ငံတော်အတွင်း သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသဖြစ်ကြောင်းကြေညာ နိုင်သည့် အခြေအနေနှင့်ပတ်သက်ပြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေများတွင် သတ်မှတ်ပြဋ္ဌာန်းပြီးဖြစ်ပါကြောင်း။၂၀၁၅ခုနှစ်ဇွန်နှင့် ဇူလိုင်လများတွင် ရေကြီး၊ရေလျှံ၊မြေပြိုမှုများ ဖြစ်ပွားခဲ့စဉ်က ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့်ရခိုင်ပြည်နယ်တို့ကို သဘာဝ ဘေးအန္တရာယ်ကျရောက်သော ဒေသများအဖြစ်သတ်မှတ်ခဲ့ပါကြောင်း၊ ယခုရေကြီးမှု ဖြစ်စဉ် တွင်လည်း ပျက်စီးဆုံးရှုံးမှုပမာဏ၊ဘေးသင့်လူဦးရေ၊ အိမ်ထောင်စု၊သေဆုံးမှုတို့ အပေါ် မူတည်ပြီး ယခင်ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် နှိုင်းယှဉ်သုံးသပ်၍ ဆွေးနွေးအကြံပြု ပေးကြရန် ပြောကြားသည်။

ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီဒုတိယဥက္ကဋ္ဌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဘေးသင့်ဒေသများရှိ ရေဘေးသင့်လူဦးရေ၊ ပြောင်းရွှေ့ အိမ်ထောင်စု၊ လယ်ယာမြေများရေနစ်မြုပ်မှု၊ပညာရေးနှင့် ကျန်းမာရေးအဆောက်အအုံများ၊ လမ်းတံတားများ၊ ရေတွင်းရေကန်များပျက်စီးဆုံးရှုံးမှုအခြေအနေ၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့မှု၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေ၊ ဘေးသင့်ဒေသများအမြန်ပြန်လည် ထူထောင်ရေး ပေါင်းစပ်ညှိနှိုင်းမှုအဖွဲ့ ဖွဲ့စည်းနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီးဦးစိုးအောင်က သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေတို့တွင် ပြဋ္ဌာန်းချက်များအရ သဘာဝ ဘေးအန္တရာယ်တစ်ရပ်ရပ်ကြောင့် လူနှင့်တိရိစ္ဆာန် အများအပြားသေကျေ ပျက်စီး ဆုံးရှုံးခြင်း၊ အခြေခံအဆောက်အအုံ၊ ပစ္စည်းဥစ္စာနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ဆိုးရွားစွာထိခိုက်ပျက်စီးဆုံးရှုံးခြင်း၊ လုံခြုံရေး၊ ပညာရေးနှင့် ကျန်းမာရေးအပါအဝင် လူမှုရေး ကိစ္စများ ဆိုးရွားစွာထိခိုက်ဆုံးရှုံးခြင်း၊ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်ပျက်စီး စေခြင်း၊ ဘေးသင့်ဒေသ၏ အခြေအနေသည် မူလအခြေအနေသို့ အမြန်ပြန်လည်ရောက် ရှိစေရန် ဆောင်ရွက်ရာတွင်အခက်အခဲရှိခြင်းစသည့် ထူးခြားသောအခြေအနေများဖြစ်ပေါ် မှသာ အဆိုပါဒေသကို သဘာဝဘေးအန္တရာယ်ကျရောက်သည့် ဒေသအဖြစ် ကြေညာနိုင်မည့် အခြေအနေ၊ ၂၀၁၅ ခုနှစ်တွင် သဘာဝဘေးအန္တရာယ်ကျရောက်သော ဒေသဖြစ်ကြောင်း ကြေညာခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ပျက်စီးဆုံးရှုံးမှုနှင့် ယခု ၂၀၁၈ ခုနှစ် ရေဘေးဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ ပျက်စီးဆုံးရှုံးမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ယင်းနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြစ်ကြောင်းများ ထိန်းသိမ်းရမည့် အခြေအနေ၊ လမ်း၊ တံတားပျက်စီးမှုအား ပြန်လည်ပြင်ဆင်ပေးနေမှုနှင့် ဘဏ္ဍာငွေလိုအပ်မှုအခြေအနေ၊ မျိုးစပါးစုဆောင်းထားမှု၊ မျိုးစပါးနှင့် ဓာတ်မြေသြဇာများ ဖြန့်ဝေပေးနိုင်မည့် အခြေအနေ၊ လယ်ယာသုံးစက်ယန္တရားများဖြင့် လယ်ယာမြေများကို ထွန်ယက်ပြုပြင်ပေးသွားမည့် အခြေအနေ၊ ကနဦးလိုအပ်ချက် စစ်တမ်းကောက်ယူမှု၊ ပျက်စီး ဆုံးရှုံးမှု အတည်ပြုမှုအခြေအနေ၊စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်မှု၊ ပျက်စီးသွားသည့် စာသင်ကျောင်းများပြုပြင်ဆောင်ရွက်နေမှု၊ဖတ်စာအုပ်နှင့်စာရေးကိရိယာများထောက်ပံ့မှု၊ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိမှု၊ နိုင်ငံတကာမှအကူအညီများ ပေးအပ်ရန်ကမ်းလှမ်းလာမှု၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများအတွက် စုဖွဲ့ထားမှု၊ သဘာဝဘေးဖြစ်ပေါ်လာပါက ဝန်ကြီး ဌာန အလိုက်ဆောင်ရွက်ပေးနေမှုများနှင့်ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများကို ရှင်းလင်း တင်ပြကြသည်။ယင်းနောက် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ရှင်းလင်းတင်ပြချက်များ အပေါ် ပြန်လည်သုံးသပ်ဆွေးနွေးပြီးဆောင်ရွက်ရန်လိုအပ်ချက်များကိုပေါင်းစပ်ညှိနှိုင်းပေးကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ဒုတိယဗိုလ်ချုပ် ကြီးရဲအောင်၊ ဒေါက်တာအောင်သူ၊ ဦးသန့်စင်မောင်၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာ မြင့်ထွေး၊ ဦးစိုးဝင်း၊ ဦးဟန်ဇော်၊ ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယ ဝန်ကြီးဒေါက်တာထွန်းနိုင်၊ ဦးကျော်လင်း၊ ဦးစိုးအောင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။