ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ မြို့ကြီးရေလှောင်တမံ၊ မြို့ကြီးရေအား လျှပ်စစ်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီးတံတားဦးမြို့နယ် စွန့်လွတ်လယ်ယာမြေများ ပြန်လည်ပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ မြို့ကြီးရေလှောင်တမံ၊ မြို့ကြီးရေအား လျှပ်စစ်စက်ရုံတို့အား ကြည့်ရှုစစ်ဆေးပြီးတံတားဦးမြို့နယ် စွန့်လွတ်လယ်ယာမြေများ ပြန်လည်ပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြား

နေပြည်တော် သြဂုတ် ၆

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့တွင် မြို့ကြီးရေလှောင်တမံနှင့် မြို့ကြီး ရေအား လျှပ်စစ်စက်ရုံတို့ကို ကြည့်ရှုစစ်ဆေးပြီး တံတားဦးမြို့နယ်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦစီးဌာန မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်က ပြန်လည်စွန့်လွတ်မြေများပေးအပ်ပွဲသို့ တက်ရောက် အမှာစကား ပြောကြားသည်။

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ ဦးလှကျော်နှင့် ဦးကျော်မျိုး၊ ရှမ်းပြည်နယ်ဝန်ကြီးများ၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌတို့နှင့်အတူ ယမန် နေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်၊ ရွာငံမြို့နယ်၊ မြို့ကြီး ရေလှောင်တမံသို့ ရောက်ရှိပြီး ရေလှောင်တမံ ရှင်းလင်းဆောင်ရှုရပ်မှ ဆည်ရေသိုလှောင်ထားရှိမှု အခြေအနေကို ကြည့်ရှုသည်။

ထို့နောက် ဒုတိယသမ္မတအားရှင်းလင်းဆောင်၌ မြို့ကြီးရေလှောင်တမံနှင့် ဇော်ဂျီ ရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးရေ ဖြနေ့်ဝပေးနေမှုနှင့် ကျိုင်းခမ်း ရေလှောင်တမံ တည်ဆောက်ရေး လုပ်ငန်းဆောင်ရွက်နေသည့် ဗွီဒီယိုမှတ် တမ်းကို ပြသသည်။

ယင်းနောက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က မိထ္တီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးအတွက် လျှပ်စစ် မြစ်ရေတင် လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်ပက်သက်ပြီး ရှင်းလင်းတင်ပြသည်။

မြို့ကြီးရေလှောင်တမံ တည်ဆောက်နိုင်ခြင်းကြောင့် တည်ဆောက်ပြီး ဇော်ဂျီ ရေလှောင်တမံမှ လျှပ်စစ်ဓာတ်အားအတွက် ထုတ်လွှတ်လိုက်သော ရေများနှင့် ရေလှောင်တမံနှစ်ခုအကြား စီးဆင်းလာသည့် ရေများကို စုပေါင်းသိုလှောင်၍ လျှပ်စစ် ဓာတ်အားမဂ္ဂါဝပ်(၃ဝ)ထုတ်လွှတ်နိုင်ပြီး ကျောက်ဆည်ခရိုင်အတွင်းရှိ ဇော်ဂျီ ဆည်ရေ သောက် ဧက(၈၂ဝဝဝ)ကို ရေပိုပေးေဝနိုင်ခဲ့သည့်အပြင် မိတ္ထီလာလွင်ပြင်ရှိ ဧက (၃၃ဝဝဝ)ကိုလည်း စိုက်ပျိုးရေပေးဝေ လျက်ရှိကြောင်းသိရသည်။

ထို့ပြင် ဇော်ဂျီရေလှောင်တမံအထက်ပိုင်းတွင် တည်ဆောက်ဆဲကျိုင်းခမ်း ရေလှောင်တမံ ပြီးစီးပါက စီးဆင်းလာမည့် ရေ ၁၁ ဒသမ ၅သိန်း ဧကပေကို ထိန်းချုပ် နိုင်ပြီး ဇော်ဂျီရေသောက်စနစ်အတွက် ရေပမာဏ (၇)သိန်းနှင့် ကင်းတားလက်ယာ မြောင်း၏ ပြောင်းပြာငလိုင်းဇင်ရေသောက် ဧရိယာအတွက် ရေပမာဏ ၄ ဒသမ ၅သိန်း ကိုလည်း ထုတ်လွှတ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ဒုတိယသမ္မတသည် မြို့ကြီးရေအားလျှပ်စစ် ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး စက်လည်ပတ်မှုအခြေအနေနှင့် စက်ရုံအတွင်း လိုက်လံကြည့်ရှု သည်။

အဆိုပါ စက်ရုံမှာ(၁၅) မဂ္ဂါဝပ်စက်၂လုံး တပ်ဆင်ထားပြီး တစ်နှစ်လျှင် ယူနစ် သန်းပေါင်း ၁၃၅ သန်းခန့် ထုတ်လုပ်နိုင်ပြီး ထွက်ရှိလာသည့် လျှပ်စစ်ဓာတ်အားကို နိုင်ငံတော် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ဖြန့်ဖြူးလျက်ရှိကြောင်း သိရသည်။

ထို့နောက် ဒုတိယသမ္မတသည် ရေလှာင်တမံမှ ဇော်ဂျီမြစ်နှင့် သစ်မမိချောင်း ဆုံသည့် နေရာသို့ ကူးတို့ရေယာဉ်ဖြင့် သွားရောက်ပြီး ရေလှောင်တမံဝန်းကျင် ကျေးရွာများတွင် ခရီးသွားလုပ်ငန်း ဖွွံ့ဖြိုးရေးဆောင်ရွက်နိုင်မည့် အခြေအနေအား လိုက်လံ ကြည့်ရှုသည်။

ကြည့်ရှုစဉ် ဒုတိယသမ္မတက မိမိတို့နိုင်ငံတွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်မည့် စိတ်ဝင်စားစရာ သဘာဝတောတောင်ရေမြေ အလှအပများ ကြွယ်ဝ စွာရှိပါကြောင်း၊ ယခု မြို့ကြီးရေလှောင်တမံ ဝန်းကျင်နေရာသည်လည်း မြန်မာနိုင်ငံ အတွက် သဘာဝမှ လက်ဆောင်အဖြစ် ရရှိထားသည့် ခရီးသွားများ စိတ်ဝင်စားစေမည့် အလားအလာကောင်းသော နေရာတစ်ခု ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ယင်းပတ်ဝန်းကျင် နေရာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း အစီအစဉ်သစ်များ ဖော်ထုတ်နိုင်ရေးအတွက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးအဖွဲ့၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ခရီးသွားလုပ်ငန်း နယ်ပယ် အတွင်းမှ အဖွဲ့အစည်းများ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားသည်။

ထို့နောက် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည် စိစစ်ရေးဗဟိုကော်တီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူသည် တံတားဦးမြို့နယ် အင်းဝခန်းမ၌ ကျင်းပသည့် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ တံတားဦး မြို့နယ်ရှိ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်က ဒုတိယအကြိမ် ပြန်လည် စွန့်လွတ်မြေ ၃ဝ၁၉ ဒသမ ၄၄ ဧကအား မူလပိုင်ရှင်တောင်သူများထံသို့ ယာယီ လုပ်ပိုင်ခွင့်ပြု လက်မှတ်ပုံစံ(၃)များ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာ စကား ပြောကြားသည်။

ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတက ယနေ့ အခမ်းအနားသည် တံတားဦး မြို့နယ်အတွင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ အမှန်တကယ် လိုအပ် သည့် မြေကိုသာ အသုံးပြုပြီး ကျန်မြေ ၉ဝ၅၅ ဧကအား ၂ဝ၁၄ ခုနှစ်တွင် ပထမအကြိမ် စွန့်လွှတ်ခဲ့ကာ ယခုအခါ ဒုတိယအကြိမ်အဖြစ် ဧက ၃၈၃ဝ ကို ပြန်လည် စွန့်လွှတ်အပ်နှံ နိုင်ရေး စိစစ်ဆောင်ရွက်ခဲ့ရာ မူလပိုင်ရှင် တောင်သူပေါင်း ၁ဝ၈၇ ဦး၊ မြေဧရိယာ ၃ဝ၁၉ ဒသမ ၄၄ ဧကကို လွှဲပြောင်းပေးအပ်မည့် အခမ်းအနား ဖြစ်ပါ ကြောင်း။

မိမိတို့နိုင်ငံအတွင်း မြို့ပြဆိုင်ရာ အခြေခံဆိုင်ရာ အဆောက်အဦများ တိုးချဲ့ တည်ဆောက်ခြင်း၊ လုံခြုံရေးဆိုင်ရာ စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ စီးပွားရေးဆိုင်ရာ အထူးစီးပွားရေးဇုန်များ၊ စက်မှုဇုန်များတည်ဆောက်ခြင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးစီမံကိန်းများအတွက် ဌာနဆိုင်ရာနှင့် ပုဂ္ဂလိကများသို့ မြေနေရာချထား ပေးခြင်းစသည့် အကြောင်းအရင်းအမျိုးမျိုးကြောင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ရှိခဲ့ပါကြောင်း၊ ထိုသို့ လယ်ယာမြေသိမ်းဆည်းခံရသည့် ဒေသခံပြည်သူများအနေဖြင့် စီးပွားရေး၊ လူမှုရေး၊ စားဝတ်နေရေးစသည့် အခက်အခဲ မျိုးစုံ ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းကြောင့် ပြည်သူများ၏ နစ်နာဆုံးရှုံးနေရမှုများကို မိမိတို့ အစိုးရအဖွဲ့အနေဖြင့် စာနာထောက်ထားကာ ဥပဒေနှင့်အညီ တရားမျှတမှုရှိအောင် ရှင်းလင်းလွယ်ကူသော မူဝါဒများနှင့် လုပ်ငန်းစဉ်များ ချမှတ်ကာ အမြန်ဆုံး ဖြေရှင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သိ်မ်းဆည်းမြေဆိုင်ရာ တိုင်ကြားစာများ၊ ပြန်လည်စွန့်လွှတ်သည့် သိမ်းဆည်း မြေများနှင့် ပတ်သက်ပြီး စိစစ်ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်နှင့် တွန်းအား ပေးဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများပါဝင် သည့် သိမ်းဆည်းမြေဆိုင်ရာ လုပ်ငန်းစိစစ်ရေးအဖွဲ့ (၄)ဖွဲ့ကို တိုင်းဒေသကြီးများနှင့် ပြည်နယ်များကို ကွင်းဆင်းစိစစ်စေခဲ့ပါကြောင်း။ အဆိုပါ အဖွဲ့များ၏ တင်ပြချက်များ အရ အောက်ခြေတွင် ဖွဲ့စည်းထားသည့် ရပ်ကွက်၊ ကျေးရွာနှင့် မြို့နယ် မြေစစ် ကော်မတီများ ပီပီပြင်ပြင် ဖွဲ့စည်းထားမှုမရှိခြင်း၊ ဗဟိုက ချမှတ်ပေးထားသည့် မူဝါဒ (၅၂)ချက်ကို အောက်ခြေတွင် ဖြေရှင်းဆောင်ရွက်နေသူများ ကျေကျေလည်လည် မသိရှိခြင်းများကို တွေ့ရသည့်အတွက် မြေစစ်ကော်မတီအဆင့်ဆင့်အနေဖြင့် ထိထိ ရောက်ရောက်ဖွဲ့စည်းလုပ်ကိုင်ကြရန် တိုက်တွန်းလိုပါကြောင်း။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီအနေဖြင့် ဝန်ကြီးဌာနများက စီမံကိန်းအတွက် ရယူထားသည့် မြေများ အပေါ်တွင် စီမံကိန်းအတိုင်း အကောင်အထည်ဖော်မှု မရှိသည့် မြေများကို မူလ တောင်သူများ လက်ထဲကို ပြန်လည်စွန့်လွှတ်လွှဲပြောင်းနိုင်ရန်နှင့် စီမံကိန်းအတိုင်း ဆက်လက်အသုံးပြုမည်ဆိုပါက လျော်ကြေးငွေပေးဆောင်ခြင်း၊ မြေအစားပေးခြင်းများ မရှိခဲ့သေးပါက လျော်ကြေးငွေ၊ နစ်နာကြေးငွေပေးကြရန် သက်ဆိုင်ရာမြေရယူထား သည့် ဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

ပြန်လည်စွန့်လွှတ်မြေများ မူလပိုင်ရှင်ထံသို့ ပြန်လည်လွှဲပြောင်းပေးသည့် အချို့ ကိစ္စများတွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ စွန့်လွတ်ထားပြီးဖြစ်သော်လည်း ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိရန်မှာ အချိန်ကြန့်ကြာနေမှုများ၊ ကာယကံရှင် လက်ဝယ်သို့ ရောက်ရှိခြင်းမရှိဘဲ အခြားသူထံသို့ ပေးအပ်ထားခြင်းများ၊ မူလလက်ငုတ်နှင့် လက်ရှိ လက်ငုတ် အငြင်းပွားနေမှုများ ကျူးကျော်သူများအား ရှင်းလင်းနေရသည့် အခြေ အနေ များ ဖြစ်ပွားနေသည်ကိုလည်း စိစစ်တွေ့ရှိရခြင်းကြောင့် အမှုတွဲများ ပြီးပြတ်မှုမရှိ်ဘဲ နှောင့်နှေးနေသည်ကို တွေ့ရှိရပါကြောင်း။

မြေယာပြဿနာများသည် ရှုပ်ထွေး၊ နက်နဲ၊ ကျယ်ပြန့်သည့်အတွက် မြေများနှင့် ပတ်သက်ပြီး ဖြေရှင်းဆောင်ရွက်ပေးရသည့် အဖွဲ့အစည်းအသီးသီးမှ ပုဂ္ဂိုလ်များ အနေ ဖြင့်လည်း စိတ်ရှည်စွာသည်းခံဖြေရှင်း ဆောင်ရွက်ပေးပြီး စေတနာထားဆောင်ရွက် ပေးစေလိုကြောင်း။

မိမိတို့ လက်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီဖွဲ့စည်းပြီးနောက် မန္တလေးတိုင်းဒေသကြီး အတွင်း ယခုကျင်းပ သည့် အခမ်းအနားအပါအဝင် စွန့်လွှတ်အပ်နှံမြေများ မူလတောင်သူများထံ လွှဲပြောင်း ပေးအပ်ပွဲ (၆)ကြိမ် ကျင်းပနိုင်ခဲ့သည့်အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အားလုံးတွင် အများဆုံးကျင်းပနိုင်ခြင်းဖြစ်ပြီး ယခုလို မူလလက်ငုတ် တောင်သူလယ်သမားများ လက်ထဲကို လက်ရောက်ပေးအပ်နိုင်အောင် ဆောင်ရွက်ပေးခဲ့ကြသည့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိသူအားလုံးကို ကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ တောင်သူ လယ်သမားကြီးများ အနေဖြင့်လည်း မိမိတို့ ပိုင်ဆိုင်လုပ်ကိုင်ခွင့်ရ မြေယာများကို သားစဉ်မြေးဆက်တိုင် အဘက်ဘက်ကတိုးတက်အောင် ရင်းနှီးမြုပ်နှံ လုပ်ကိုင်ရင်း စားနပ်ရိက္ခာဖူလုံစေရုံသာမက ပြည်ပပို့ကုန်ထုတ်လုပ်တင်ပို့သူများ အဖြစ်ပါ လုပ်ကိုင် ဆောင်ရွက်သွားနိုင်ကြပါစေကြောင်းပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မန္တလေးတိုင်းဒေသကြီးအတွင်း အသုံးမပြုသည့်သိမ်းဆည်းမြေများအား ဥပဒေနှင့်အညီ အမြန်ဆုံး ပြန်လည်စွန့်လွှတ်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနညွှန်ကြားရေးမှူး ဦးမြင့်ဌေးက စွန့်လွှတ်မြေများနှင့် ပက်သက်သည့် စာရွက်စာတမ်းများကို ကျောက် ဆည် ခရို်င်အုပ်ချုပ်ရေးမှူးထံပြန်လည်လွဲပြောင်းပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်အောင်သူ၊ ဦးလှကျော်နှင့် ဦးကျော်မျိုး၊ မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုးသန်းတို့က ပန်းတင်၊ စကားအင်း၊ ဇီးချောင်း၊ သူငယ်တော် ကျေးရွာ အုပ်စုများမှ မူလတောင်သူများထံယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၃)များ ကို တောင်သူ ကိုယ်စားလှယ်များထံ ပေးအပ်သည်။

ယင်းနောက် ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၃)ရရှိကြသည့် တောင်သူများ ကိုယ်စား တောင်သူ ဦးထွန်းလွင်က ကျေးဇူးတင်စကား ပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။