ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာလူထုအခြေပြု ခရီးသွားများ လုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လက်ဖက်ခြောက်စက်ရုံ၊ ကော်ဖီခြံနှင့် ကော်ဖီစက်ရုံတို့အား လိုက်လံကြည့်ရှု

Printer-friendly versionSend by email

 

 

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာလူထုအခြေပြု ခရီးသွားများ လုပ်ငန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လက်ဖက်ခြောက်စက်ရုံ၊ ကော်ဖီခြံနှင့် ကော်ဖီစက်ရုံတို့အား လိုက်လံကြည့်ရှု

နေပြည်တော် သြဂုတ် ၅

အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူသည် ယမန်နေ့က ရှမ်းပြည်နယ် ဓနုကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်အတွင်းရှိ ရွှေဥမင်လိုဏ်ဂူတော်၊ လူထု အခြေပြု ခရီးသွားများလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ လက်ဖက်ခြောက် စက်ရုံ၊ ကော်ဖီခြံနှင့် ကော်ဖီစက်ရုံတို့အား လိုက်လံကြည့်ရှုသည်။ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ဦးလှကျော်နှင့်ဦးကျော်မျိုး၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ကလော မြို့နယ် နန့်ပန်တက်-ကလော-တောင်ကြီးလမ်း မိုင်တိုင်အမှတ်(၅၃/၄)ရှိ ရှင်းလင်း ဆောင်သို့ ရောက်ရှိရာ မြန်မာ့သစ်လုပ်ငန်းအထွေထွေမန်နေဂျာ ဦးလှမိုးအောင်က ရှမ်းရိုးမ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ခရီးသွားလုပ်ငန်း ဆင်စခန်းဆိုင်ရာအချက် အလက်များ၊ ခရီးသွားလုပ်ငန်း အနာဂတ်မျော်မှန်းချက်၊ ဆင်စခန်း သို့သွားရောက်သည့် လမ်းအားကျောက်ချော လမ်းခင်းနိုင်ရေးဆောင်ရွက်နေမှု၊ ဆင်စခန်းလျှပ်စစ်မီးရရှိရေး ဆောင်ရွက်နေမှုနှင့် ပွင့်လင်းရာသီတွင်ခရီးသွားများ ပိုမိုလာရောက်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံ များကို ရှင်းလင်းတင်ပြသည်။ရှင်းလင်းတင်ပြချက်များအပေါ် ဒုတိယသမ္မတက ယခုဆင်စခန်းဖွင့်လှစ်သည်မှာ မကြာသေးသော်လည်း အောင်မြင်မှုရရှိလာပြီဖြစ်သည့်အတွက် ယခုထက်ပိုမို အောင်မြင်အောင်ကြိုးစားလုပ် ကိုင်ကြစေလိုကြောင်း၊ ခရီးသွားများ အသုံးပြုရန် လိုအပ်သော သန့်စင်ခန်းနှင့် အခြားသော ဝန်ဆောင်မှု ကိစ္စရပ်များကို အလေးထား ဖြည့်ဆည်းပေနိုင်ရေး ဆောင်ရွက်သွားရန်လိုကြောင်းနှင့်ဆင်စခန်းအတွင်း ဝင်ရောက်သည့် လမ်းအားခရီးသွားများ ရာသီမရွေးလာရောက်နိုင်ရန်အတွက် ဆောင်ရွက်သွား ရန်လိုကြောင်း မှာကြားသည်။ရှမ်းရိုးမ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသည် မိတ္ထီလာ - တောင်ကြီးလမ်း မိုင်တိုင် ၅၄/၃ ရှိ နမ့်ပန်တက်ကျေးရွာအနီးတွင်တည်ရှိပြီး ဧက(၉၀ဝ) ခန့်ကျယ်ဝန်းသည်။ စခန်းအား အစိမ်းရောင်စီးပွားရေး လုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပြီး နိုင်ငံတော်ဝင် ငွေရရှိရေး၊ ဆင်ထိန်းဝန်ထမ်းများနှင့် မိသားစုဝင်များအလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ မြန်မာသစ်လုပ်ငန်းမှ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေမှုများကို အများပြည်သူသိရှိလေ့လာနိုင်ရေး၊ ဆင်ထိန်းသိမ်းရေးစခန်းများမှ သဘာဝ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးလုပ်ငန်းများ ပူးတွဲဆောင်ရွက်မှုကို အများပြည်သူများပါဝင် ဆောင်ရွက်လေ့လာနိုင်ရေး၊ မြန်မာနိုင်ငံ၏ သဘာဝကို အခြေခံသောခရီးသွားလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် မြန်မာ့သစ်လုပ်ငန်းပိုင်ဆင်များ ရေရှည်ရပ်တည် နိုင်ရေး တို့ကို ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ရှမ်းရိုးမ အပန်းဖြေ ဆင်စခန်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ဒုတိယသမ္မတသည် ပင်းတယမြို့ ရွှေဥမင်လိုဏ်ဂူတော်ဘုရားသို့ ရောက်ရှိပြီး လိုဏ်ဂူတော်အတွင်း လှည့်လည်ကြည့်ရှုကာ ဘုရားအတွက်အလှူငွေ များကို ဂေါပကထံပေးအပ်လှူဒါန်းသည်။ယင်းနောက် ဒုတိယသမ္မတသည် ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာသို့ရောက်ရှိပြီး လူထုအခြေပြု ခရီးသွားလုပ်ငန်း ဆောင်ရွက်ရန်အတွက် တည်းခိုဆောင်များ တည်ဆောက်ထားရှိမှုနှင့် ရိုးရာအစားအသောက်များနှင့် ရိုးရာ လက်မှုပစ္စည်းများ ခင်းကျင်းပြသထားမှုကို ကြည့်ရှုသည်။ဆက်လက်၍ ဒုတိယသမ္မတသည် ဆီးကျအင်းကျေးရွာ Green Tea လက်ဖက် စက်ရုံသို့ရောက်ရှိပြီး လက်ဖက်ခြောက်ထုတ်လုပ်နေမှုအားကြည့်ရှုသည်။အဆိုပါ လက်ဖက်ခြောက်စက်ရုံမှာ ယခင်ကထင်းအသုံးပြုလည်ပတ်နေရာမှ ယခုအခါတွင် သဘာဝဓာတ်ငွေ့နှင့် လျှပ်စစ်ဓာတ်အားအသုံးပြု လည်ပတ်နိုင်ခြင်း ကြောင့် သစ်တောပြုံန်းတီးမှုလျော့ပါးကာ သဘာပတ်ဝန်းကျင် ကိုထိန်းသိမ်းနိုင်စေပြီး မီးခိုးနံ့ကင်းသည့်အရည်အသွေးမြင့်လက်ဖက်ခြောက်ထုတ်လုပ်နိုင်သဖြင့် ယခင်ထက် ဈေးနှုန်းနှစ်ဆပိုမိုရရှိကြောင်း သိရသည်။ယင်းနောက် ဒုတိယသမ္မတသည် ပင်းတယမြို့နယ် ပင်စိမ်းကျေးရွာသို့ ရောက်ရှိရာ ဓနုဒေသ လူထုအခြေပြုခရီးသွားလုပ်ငန်းတာဝန်ခံက ပင်စိမ်းကျေးရွာ၌ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ထို့နောက် ဒုတိယသမ္မတက တောင်ကိုရီးယား၊ ဂျပန်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့မှ ခရီးသွားဧည့်သည်များအား ဗီဇာဖြေလျော့မှုများဆောင်ရွက်ပေးထား ပြီးဖြစ်ကြောင်း၊ထို့အတွက် ယခုနှစ် အောက်တိုလမှစပြီး ခရီးသွားများပိုမိုဝင်ရောက်လာ နိုင်သည်ဖြစ်ရာ လိုအပ်သောဝန်ဆောင်မှုများဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရန်လိုအပ်ကြောင်းမှာကြားပြီး ဓနုဒေသခရီးသွားလာရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အတွက်လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းပေးပြီး တည်းခိုဆောင်များအား လိုက်လံကြည့်ရှုသည်။ထို့နောက် ဒုတိယသမ္မတသည်ရွာငံမြို့နယ် မြိုင်ကျေးရွာရှိ ဦးလှစိုးကော်ဖီ စိုက်ခင်းသို့ရောက်ရှိပြီး ဒေသမျိုးကော်ဖီသီးများနှင့် ကော်ဖီစိုက်ခင်းအတွင်း လှည့်လည် ကြည့်ရှုကာ မြန်မာ့ကော်ဖီမှာ ကမ္ဘာတွင် အထူးတန်းဝင်ပြီး ပြည်ပဝယ်လိုပမာဏများ သည့်အတွက် ယခုထက်ပိုမိုတင်ပို့နိုင်ရေးနှင့် ပြည်တွင်းလိုအပ်ချက်အရ ပြည်ပမှတင်သွင်းနေရသည့် ကော်ဖီများအစားထိုး နိုင်ရေးအတွက် ကော်ဖီကိုတိုးချဲ့စိုက်ပျိုးထုတ် လုပ်သွားရန်လိုကြောင်း၊ ယင်းသို့စိုက်ပျိုးရာတွင် တောင်သူများ အနေဖြင့် အကျိုးအမြတ် ပိုမိုရရှိစေရန်အတွက် နည်းပညာအထောက်အကူများရယူပြီး အရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်အောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။ရွာငံမြို့နယ်တွင် တစ်နိုင်တပိ်ုင်စိုက်ပျိုးမှုအပါအဝင် ကော်ဖီဧက(၇၀ဝ၀)ကျော် အား စီးပွားဖြစ်စိုက်ပျိုးထားကြောင်း သိရသည်။ယင်းနောက် ဒုတိယသမ္မတသည် ရွာငံမြို့နယ် ရေဦးကျေးရွာရှိ ဉာဏ်ကြီးရှင် ကော်ဖီကြိတ်ခွဲ စက်ရုံသို့ ရောက်ရှိပြီး ကော်ဖီကြိတ်ခွဲနေမှုနှင့် စက်ရုံအတွင်းလှည့်လည် ကြည့်ရှုသည်။ ဉာဏ်ကြီးရှင် ကော်ဖီထုတ်လုပ်ရေး ခြံကို ၂၀၁၂ခုနှစ်တွင်စတင်လုပ်ကိုင်ခဲ့ပြီး ယင်းခြံတွင် ကော်ဖီကြိတ်ခွဲစက်ရုံ၊ ကော်ဖီဂိုထောင်၊ ကော်ဖီလှန်းကွင်းနှင့် ကော်ဖီ ထုတ်လုပ်မှု အဆင့်ဆင့်ကို လေ့လာနိုင်သော ကော်ဖီဆိုင်နှင့် သဘာဝပတ်ဝန်းကျင် အခြေခံခရီးသွားများအတွက် တည်းခိုခန်းလုပ်ငန်းများပါ ပါဝင်သည့်အတွက် တောတောင်သဘာဝများ၊ သဘာဝသစ်တောများနှင့် ကော်ဖီစိုက်ခင်းများကိုပါ လှည့်လည် ကြည့်ရှု ခံစားနိုင်ကြောင်း သိရသည်။ကော်ဖီတစ်ဧကကို စံနှုန်းအတိုင်း ၈ပေ×၄ပေခြား စိုက်ပျိုးပါက အပင် ၁၂၀ဝ စိုက်ပျိုးနိုင်ပြီး ကော်ဖီသီးအစို (၁)တန်ထွက်ရှိကာ ကော်ဖီစေ့အခြောက်အနေဖြင့် ဒသမ ၂၅ တန်ရရှိကြောင်း၊ အဆိုပါကော်ဖီ အခြောက်တစ်တန်လျင် ဈေးနှုန်း အမေရိကန် ဒေါ်လာ ၆၅၀ဝမှ ၈၀ဝ၀ကြားရရှိကြောင်းသိရသည်။