ဒုတိယသမ္မတ ဦးမြင့်ဆွေ နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီ (ပဉ္စမအကြိမ်) အစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြား

Printer-friendly versionSend by email

 

နေပြည်တော်၊ သြဂုတ် ၃

နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန အင်ကြင်းခန်းမ၌ ကျင်းပရာ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ် ကိုင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ၊ ဒုတိယရှေ့နေချုပ်၊ အမြဲတမ်းအတွင်းဝန်များနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။

အစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ယနေ့ ကျင်းပသည့် အစည်းအဝေးသည် နိုင်ငံအဆင့်ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ် လုပ်ကိုင်မှုဗဟိုကော်မတီ၏ ပဉ္စမအကြိမ်မြောက် အစည်းအဝေးဖြစ်ပါကြောင်း၊ နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဗဟိုကော်မတီကို လုပ်ငန်းတာဝန် (၁ဝ)ချက် ချမှတ်ပြီး ဒုတိယသမ္မတအပါအဝင် (၂ဝ)ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း၊ ဗဟိုကော်မတီကို ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ၊ အကြံပေးကော်မတီ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်ကော်မတီများနှင့် ခရိုင်အဆင့်ကော်မတီများကို ဖွဲ့စည်း၍ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း။

ဗဟိုကော်မတီ၏ ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ်၊ မတ်လ ၃ ရက်တွင် စတင်ကျင်းပခဲ့ပြီး ပြီးခဲ့သည့် စတုတ္ထအကြိမ်အထိ ဆုံးဖြတ်ချက် စုစုပေါင်း(၃၃)ချက် ချမှတ်ခဲ့ပါ ကြောင်း၊ ဆုံးဖြတ်ချက်များအနက် (၂၄)ချက်ကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ ဆောင်ရွက်ဆဲ (၉)ချက် ရှိသည်ကို တွေ့ရပါကြောင်း၊ ဆောင်ရွက်ဆဲလုပ်ငန်းထဲမှ အချိန်တိုတိုနှင့် ပြီးမြောက်ရမည့် လုပ်ငန်းများကို နောင်လာမည့် အစည်းအဝေးမတိုင်မီ ပြီးမြောက်အောင်နှင့် ရေရှည်ဆောင်ရွက်ရမည့် ဆုံးဖြတ်ချက်များကို အချိန်ကာလ သတ်မှတ်ပြီး အလေးထားဆောင်ရွက် သွားကြစေလိုကြောင်း။

ကမ်းရိုးတန်းသယံဇာတများကို ရေရှည်ထုတ်ယူသုံးစွဲနိုင်ရန် ဆောင်ရွက်ရာတွင် အချိန် နှင့်အမျှ အခက်အခဲအတားအဆီးများ တွေ့ကြုံရမည်ဖြစ်ပါကြောင်း၊ ပင်လယ်ကမ်းရိုးတန်း ဒေသများအပါအဝင် နိုင်ငံတစ်ဝန်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်သည့် အခါတွင် “ဖွံ့ဖြိုးရေးလုပ်ငန်းလုပ်သည့်အုပ်စု”နှင့် “ပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေးအုပ်စု” တို့အကြား အငြင်းပွားစရာများရှိနေသဖြင့် တစ်ဖက်နှင့်တစ်ဖက် ညှိနှိုင်းကာ ဖွံ့ဖြိုးရေးပန်းတိုင် ရောက်အောင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ငါးသယံဇာတများ ရေရှည်တည်တံ့ရန်ဆိုပါက ငါးလုပ်ငန်း ကဏ္ဍနှင့်သာလျှင် ဆောင်ရွက်၍ မရနိုင်တော့ဘဲ ဒီရေတောများ ထိန်းသိမ်းကာကွယ်ရန် သစ်တောကဏ္ဍနှင့်သာလျှင် ဆောင်ရွက်၍ မဖြစ်နိုင်တော့ပါကြောင်း၊ သို့ဖြစ်ပါ၍ ဆက်စပ် ပတ်သက်နေသည့် ကဏ္ဍပေါင်းစုံကပါ ဝိုင်းဝန်းကူညီထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရန် လိုအပ်ပါကြောင်း။

ကမ်းရိုးတန်းဒေသများတွင် ငါးလုပ်ငန်း၊ စိုက်ပျိုးရေး၊ သယံဇာတထိန်းသိမ်းရေး၊ သတ္တုတူးဖော်ရေး၊ ရေကြောင်းခရီးသွားလာရေး၊ ကမ်းရိုးတန်း လုံခြုံရေး၊ ကျန်းမာရေး၊ ခရီးသွားလုပ်ငန်းစသည့် ကဏ္ဍပေါင်းစုံတို့သည် ဆက်စပ်တည်ရှိလျက်ရှိပါကြောင်း၊ အဆိုပါ လုပ်ငန်းကဏ္ဍများ လုပ်ကိုင်နိုင်ရန်အခွင့်အလမ်းများရှိသည့် ကမ်းရိုးတန်းဒေသများသို့ ပြောင်းရွှေ့နေထိုင်အခြေချလာသည့်လူဦးရေ တစ်နေ့တစ်ခြား တိုးပွားလာလျက်ရှိပါ ကြောင်း၊ တိုးပွားလာသည့် လူဦးရေများအနေဖြင့် သယံဇာတများကို အလွန်အကျွံ ထုတ်ယူ သုံးစွဲခြင်း၊ ရောင်းချခြင်း၊ ရေရှည်ထုတ်ယူသုံးစွဲနိုင်မည့် နည်းလမ်းများနှင့် သဘောတရား များကို နားလည်မှုအားနည်းခြင်း၊ ကမ်းရိုးတန်းသယံဇာတများမှရရှိသည့် အကျိုးကျေးဇူး များကို သိရှိနားလည်ရန်လိုအပ်ခြင်း၊ ထိန်းသိမ်းရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုမရှိခြင်းနှင့် လုပ်ငန်းစီမံချက်များရေးဆွဲဆောင်ရွက်ကြရာတွင် သက်ဆိုင်ရာ အစိုးရနှင့် ဌာနအဖွဲ့အစည်းများ၏ ထိရောက်သည့်ပံ့ပိုးမှု အလုံအလောက်မရှိခြင်း စသည့် အခြေအနေများကို တိုးတက်ပြောင်းလဲသွားစေရန် ယနေ့ကျင်းပသည့် ဗဟိုကော်မတီက ဦးဆောင်ပြီး ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုများကို အလေးထားဆောင်ရွက် နေခြင်းဖြစ်ပါကြောင်း။

ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ ( FAO ) က ပြုစုထုတ်ဝေထားသည့် ကမ်းရိုးတန်းဒေသ ဘက်စုံစီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် စဉ်းစားရမည့် အခြေခံသဘောတရား ( ၁၅ ) ချက်အနက် မိမိတို့အတွက် လက်ရှိအလေးထားဆောင်ရွက်ရမည့် အခြေခံသဘော တရား ( ၂ ) ချက်ကို ဦးစားပေးပြီး အသိပေးပြောကြားလိုပါကြောင်း။

ပထမအခြေခံသဘောတရားတစ်ရပ်မှာ “ဘက်စုံပူးပေါင်းပါဝင်သည့် ကမ်းရိုးတန်း သယံဇာတများ စီမံအုပ်ချုပ်လုပ်ကိုင်ရာတွင် သဘာဝသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီး သဘာဝဘေးအန္တရာယ်လျော့ပါးစေရန်အတွက် ကမ်းရိုးတန်းသယံဇာတ ထိန်းသိမ်းရေး လုပ်ငန်းများနှင့်အတူ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအစီအမံများကို ဆောင်ရွက်သွားကြရန်” ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်းဒေသများသည် သဘာဝဘေး အန္တရာယ်များဖြစ်သည့် ဆိုင်ကလုံးမုန်တိုင်းများ၊ ဆူနာမီလိုလှိုင်းလုံးကြီးများ၊ ကမ်းပါးပြို ရေတိုက်စားမှုများ၊ ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများ၊ မြေကျွံကျမှုများ စသည့် သဘာဝဘေး အန္တရာယ် အများဆုံး ဖြစ်ပေါ် နေသည့်နေရာများဖြစ်ပါကြောင်း။

သို့သော်လည်း ပြည်သူအများစုသည် သဘာဝဘေးအန္တရာယ် ကျရောက်သည့်အခါ မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်လေ့ရှိသော်လည်း ကြိုတင်ကာကွယ်ရန်အတွက် အစီအမံများကို ပြင်ဆင်ရန်အတွက် မေ့လျော့နေတတ်ကြ ပါကြောင်း။

သို့ပါ၍ သဘာဝဘေးအန္တရာယ် ကျရောက်မှုများကို လျှော့ချပေးနိုင်သည့် သန္တာ ကျောက်တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ပင်လယ်ကမ်းခြေများ၊ သဲသောင်ခုံများနှင့် ဒီရေတောများကို သဘာဝတံတိုင်းများ၊ သဘာဝအဆောက်အအုံများအဖြစ် ဦးစားပေး ထိန်းသိမ်း ကာကွယ်ကြရမည်ဖြစ်ပါကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဆိုင်ကလုံး မုန်တိုင်းဒဏ်များ မကြာခဏ ကျရောက်ခံနေရသည့်အတွက် ၁၉၈ဝ ခုနှစ်ဝန်းကျင်တွင် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် ဒီရေတောဟက်တာပေါင်းတစ်သိန်းကို ကမ်းရိုးတန်း တစ်လျှောက် လေကာတန်းများအဖြစ် စိုက်ပျိုးခဲ့ခြင်းကြောင့် ၁၉၉၁ ခုနှစ် ဧပြီလ ၂၉ ရက်တွင် ကျရောက်ခဲ့ သည့် မုန်တိုင်းဒဏ်မှ သိသိသာသာ လျော့နည်းသက်သာခဲ့ရပြီး ဒေသခံတို့၏ အသက် အိုးအိမ်စည်းစိမ်ပေါင်း အမြောက်အမြားကို ကယ်တင်နိုင်ခဲ့ပါကြောင်း။

အလားတူ ၂ဝဝ၈ ခုနှစ်၊ မေလ ၂ ရက် မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်း တိုက်ခတ် ခဲ့စဉ်ကလည်း မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်း ဒီရေတောများ ထူထပ်စွာ တည်ရှိနေခဲ့သည့်အတွက် ဒေသခံများ၏ အသက်ပေါင်းများစွာ ရှင်သန်ခွင့်ရရှိခဲ့ ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ဒဏ်ခံရမှု စံသတ်မှတ်ချက် Global Climate Risk Index 2016 အစီရင်ခံစာအရ မြန်မာနိုင်ငံသည် လက်ရှိအခြေအနေတွင် သဘာဝဘေးအန္တရာယ် ဒဏ်ခံရမှုအများဆုံး “ဒုတိယမြောက်နိုင်ငံ” ဖြစ်နေပါကြောင်း၊ သို့ဖြစ်၍ ကော်မတီဝင်များ အနေနှင့် သက်ဆိုင်ရာကဏ္ဍအလိုက် ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက်ကြရာတွင် ကမ်းရိုးတန်းသယံဇာတများကို သားစဉ်မြေးဆက် ရေရှည်ထုတ်ယူ သုံးစွဲနိုင်အောင် ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများနှင့်အတူ သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ လုပ်ငန်းစဉ်များကိုပါ ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရန် လိုအပ်နေပြီဖြစ်ပါကြောင်း။

ဆက်လက်ပြီး ဒုတိယအခြေခံသဘောတရားဖြစ်သည့် “ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ် လုပ်ကိုင်မှုစီမံချက်များ ရေးဆွဲရာတွင် ပြည်ထောင်စုအဆင့်မှ ခရိုင်နှင့် မြို့နယ်အဆင့်များ အထိ အဆင့်ဆင့်ပူးပေါင်းပါဝင်ဆောင်ရွက်ရန်” ဆိုသည့်အချက်ဖြစ်ပါကြောင်း၊ ကမ်းရိုးတန်း ဒေသများ စီမံအုပ်ချုပ်ရာတွင် ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့များသည် အခြေခံအကျဆုံး အဖွဲ့အစည်းများ ဖြစ်ပါကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် ရေကြောင်းခရီး သွားလာရေး၊ နိုင်ငံတော်လုံခြုံရေး၊ ငါးသယံဇာတများ ထိန်းသိမ်းရေး၊ မူဝါဒနှင့် မဟာဗျူဟာ များ ချမှတ်ပေးရေး၊ နိုင်ငံတကာဆက်ဆံရေးနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးရေး အစရှိသည့် ကဏ္ဍများကို ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်များအနေဖြင့် လုပ်ငန်းစဉ်အားလုံးနှင့် သက်ဆိုင်နေသည့်အတွက် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးရမည့် အခန်းကဏ္ဍတွင် ရပ်တည်နေပါကြောင်း၊ ယနေ့တက်ရောက် လာသည့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်များ၊ ဝန်ကြီးများအနေဖြင့် ယခု သဘောတရားများအပေါ် အခြေခံပြီး မိမိတို့တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ကြရန်နှင့် စီမံချက်ရေးဆွဲဆောင်ရွက်ကြရန် ပြောကြား လိုပါကြောင်း။

ပစိဖိတ်ကျွန်းနိုင်ငံအချို့၏ ပင်လယ်ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ်မှုမှာ ပင်လယ်ပြင်ကို မျက်နှာမူနေသည့် ကမ်းရိုးတန်းအနားသတ်နေရာမှ သဘာဝဒီရေတောများ၊ သန္တာကျောက် တန်းများ၊ ပင်လယ်မြက်ခင်းများ၊ ပင်လယ်ကမ်းခြေနှင့် သဲသောင်ခုံနေရာများကို “Non-development Zone” များအဖြစ် သတ်မှတ်ပြီး ကာကွယ်ထိန်းသိမ်းထားသည်ဟု သိရပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း တနင်္သာရီတိုင်းဒေသကြီးတွင်ရှိသည့် ကျွန်းပေါင်း ၇ဝဝ ကျော်အနက်မှ ကျွန်းအရေအတွက်အချို့(သို့မဟုတ်) ဧရိယာပမာဏ တစ်ခုကို “Non-development Zone” အဖြစ် သတ်မှတ်သင့်သည်ဟု သုံးသပ်ထားသည်ကို တွေ့ရပါကြောင်း။

မိမိတို့အနေဖြင့် ယခုကဲ့သို့ ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေခြင်းသည် နိုင်ငံတကာကချမှတ်ထား သည့့် ကတိကဝတ်များ၊ အကောင်းဆုံးလုပ်ငန်းစဉ်များကို လိုက်နာကျင့်သုံး ဆောင်ရွက်နေ ခြင်းလည်းဖြစ်ပါကြောင်း၊ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးက ချမှတ်ထား သည့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ရည်မှန်းချက်(၁၇)ချက်အနက် ရည်မှန်းချက်နံပါတ် (၁၄)ဖြစ်သည့် “Sustainable Development Goal- 14” ကို ဖြည့်ဆည်း အကောင် အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန် ကမ်းရိုးတန်းဒေသ စီမံအုပ်ချုပ် လုပ်ကိုင်မှု၏အခြေခံသဘောတရားဖြစ်သည့် ဒေသအဆင့်မှ ပြည်ထောင်စုအဆင့်အထိ အသီးသီးဆောင်ရွက်ကြရာတွင် လုပ်ငန်းစဉ်အားလုံးနှင့် သက်ဆိုင်နေပြီး အရေးပါသည့် အခန်းကဏ္ဍက ရပ်တည်နေသည့် တိုင်းဒေသကြီး၊ ပြည်နယ်အဆင့်အစိုးရအဖွဲ့များအနေ ဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ရေး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ အလေးထားမြှင့်တင်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက် ပင်လယ်ကမ်းရိုးတန်းသယံဇာတ စီမံအုပ်ချုပ်လုပ်ကိုင်မှုဆိုင်ရာ အသိ ပညာပေး ဗီဒီယိုမှတ်တမ်းကိုပြသသည်။

ဆက်လက်၍ ဗဟိုကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခင်မောင်ရီ က စတုတ္ထအကြိမ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုနှင့် လုပ်ငန်း ဆောင်ရွက်အကောင်အထည်ဖော်မှုများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ တနင်္သာရီတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မွန်ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်း၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်နှင့် အမြဲတမ်းအတွင်းဝန်များ၊ တပ်မတော်(ရေ)မှ ဗိုလ်မှူးကြီး အေးမင်းထွေးနှင့် တာဝန်ရှိသူများက နို်င်ငံအဆင့် ပင်လယ်ကမ်းရိုးတန်းသယံဇာတ ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ကဏ္ဍအလိုက် စီမံဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများ၊ သဘာဝဘေး အန္တရာယ်များလျော့နည်းရေးအတွက် ဒီရေတောနှင့် ဓနိတောထူထောင်သွားရေး၊ ပင်လယ်ပြင် ခရီးသွားလုပ်ငန်း၊ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ စည်းကမ်းမဲ့ ငါးဖမ်းခြင်းမပြုလုပ် စေရေး၊ ကမ်းရိုးတန်းသယံဇာတ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရန် အတွက် ဥပဒေလုပ်ထုံး လုပ်နည်းနှင့်အညီ ဆောင်ရွက်သွားရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက တင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။