ဒုတိယသမ္မတ ဦးမြင့်ဆွေ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ(၂/၂၀၁၈) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 နေပြည်တော် သြဂုတ် ၂

အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ကော်မတီ ( ၂ / ၂၀၁၈ ) အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လုပ်ငန်းကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နှင့် ဦးစိုးဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းကော်မတီဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်ဥက္ကဋ္ဌ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက လုပ်ငန်းကော်မတီ၏ ပထမ အကြိမ် အစည်းအဝေးကို ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၃ ရက်တွင်ကျင်းပခဲ့ရာ အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်များအရ ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံ ရေးအဖွဲ့နှင့် SME Agency အဖွဲ့တို့ကို ဖွဲ့စည်းနိုင်ခဲ့ပြီး အဆိုပါအဖွဲ့(၃) ဖွဲ့အနေဖြင့် ဟန်ချက်ညီညီ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မြောက် အစည်းအဝေးကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်တွင် ကျင်းပခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက်များအရ ဒေသဆိုင်ရာ SME Agency အဖွဲ့များကို နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ပြည်နယ်တို့တွင် ဖွဲ့စည်းနိုင်ခဲ့ပါကြောင်း။

အဆိုပါ အဖွဲ့အသီးသီးတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်ဝန်ကြီးချုပ်များ၊ ဝန်ကြီးများ စိတ်အားတက်ကြွစွာ ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့မြင်ရသည့်အတွက် ဝမ်းသာ အားရဖြစ်ရပါကြောင်း၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (Micro, Small and Medium Enterprises - MSMEs ကြုံတွေ့နေရ သည့် အခက်အခဲများကို ကူညီဖြေရှင်းပေးပြီး အမှန်တကယ် လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်းပေးမည်ဆိုပါက MSMEs များ၏ ယှဉ်ပြိုင်နိုင်စွမ်းအားများ အမှန်ပင် တိုးတက်လာမည်ဟု ယုံကြည်ပါကြောင်း။

ဒေသဆိုင်ရာ SME အေဂျင်စီအဖွဲ့များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး နှင့်ပြည်နယ်များတွင် ဖွဲ့စည်းပြီးဖြစ်သော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းနှင့်ဒေသ(၆)ခု တွင် ဖွဲ့စည်းရန်ကျန်ရှိနေသဖြင့် အမြန်ဖွဲ့စည်းနိုင်ရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့်ပြည်နယ်များက ဝိုင်းဝန်းကူညီပံ့ပိုးပေးရန် မေတ္တာရပ်ခံလိုပါကြောင်း။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ကော်မ တီ၏ ဦးဆောင်မှုဖြင့် မန္တလေးမြို့တွင် ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့ ပူး ပေါင်း၍လည်းကောင်း၊ မကွေးမြို့တွင် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီး တို့ ပူးပေါင်း၍လည်းကောင်း၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့်လည်းကောင်း၊ တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်တို့ ပူးပေါင်း၍လည်းကောင်း ဒေသထုတ်ကုန်များ ပြပွဲပြိုင်ပွဲ ကျင်းပခဲ့ရာ (၄)ကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါကြောင်း၊ ကျန်တိုင်း ဒေသကြီးနှင့် ပြည်နယ်များတွင်လည်း အလှည့်ကျ ဆက်လက်ကျင်းပသွားမည်ဖြစ်သည့် အတွက် တစ်ကြိမ်ထက်တစ်ကြိမ် ပိုမိုကောင်းမွန်စွာ ကျင်းပနိုင်ရေး၊ MSMEs များကို ထိရောက်စွာ ပံ့ပိုးကူညီနိုင်ရေးနှင့် ဈေးကွက်ချိတ်ဆက်ပေးနိုင်ရေးကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ယခုလတွင်ကျင်းပမည့် MSMEs ဒေသတွင်း ထုတ်ကုန် ပြပွဲနှင့်ပြိုင်ပွဲတွင် ပုဂ္ဂလိကဘဏ်များဖိတ်ကြားရန် စီစဉ်ထားပြီး အဆိုပါဘဏ်များအနေဖြင့် ဒေသတွင်း MSMEs များ၏ အခြေအနေကို လက်တွေ့ကွင်းဆင်းလေ့လာပြီး အောင်မြင် တိုးတက်ရန် အလားအလာရှိသည့် လုပ်ငန်းများကို ငွေချေးပေးနိုင်ရေး စီမံထားသည်ကို သိရှိရပါကြောင်း။

SME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီအနေဖြင့် Business Start-up များ (လုပ်ငန်းစတင်သူများ)၊ Traditional SME (မိရိုးဖလာလုပ်ငန်း) များကို အားကောင်းသည့် SME များ ဖြစ်ပေါ်လာရေးအတွက် ပံ့ပိုးရမည်ဖြစ်ပြီး ပြိုင်ပွဲဆုရ MSMEs များနှင့် အလားအလာ ရှိသည့် MSMEs များကိုလည်း ကမ္ဘာ့ဈေးကွက်တွင် ဝင်ရောက်နိုင်ရန်အတွက် ကောင်းမွန် သည့် မဟာဗျူဟာများချမှတ်အကောင်အထည်ဖော် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ ဆုရရှိသည့် MSMEs များကို အတုယူစေခြင်း၊ အားနည်းနေသည့် MSMEs များ ကြိုးစားလို စိတ်ဖြစ်ပေါ်လာစေခြင်းတို့အတွက် ပြည်တွင်း Supermarket များ၊ ဒေသတွင်းအရောင်း ခန်းမများ၌ နေရာစီစဉ်ပြီး ရောင်းချခွင့်ပေးခြင်းများ ဆောင်ရွက်စေလိုပါကြောင်း၊ ဒေသ အလိုက်အားပေးမြှင့်တင်ခြင်းဖြင့် ကျေးလက်ဒေသတွင်အငယ်စား၊ အသေးစားလုပ်ငန်းများ များပြားလာမည်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် ‘Made in Myanmar’ ထုတ်ကုန်များကို လေဆိပ်များ၊ ကားဂိတ်များ၊ ထင်ရှားသည့်နေရာများ၊ ဟိုတယ်များ၊ စား သောက်ဆိုင်များနှင့် Supermarket များ၌ ကောင်တာများ ဖွင့်လှစ်ရောင်းချနိုင်ရေးကို မိမိ ဒေသ၏ အခြေခံအဆောက်အဦ အခြေအနေအရ ညှိနှိုင်းစီစဉ်ဆောင်ရွက်ပေးသွားရန် လိုအပ်ပါ ကြောင်း၊ အာဆီယံနိုင်ငံများတွင်လည်း အစည်းအဝေးပွဲကြီးများနှင့် ပွဲလမ်းသဘင်များ၌ ၎င်းနိုင်ငံ၏ MSMEs ထုတ်ကုန်များအား ပြသသည်ကို တွေ့ရပါကြောင်း။

မြန်မာနိုင်ငံရှိ MSMEs များ၏ ၆၅ ရာခိုင်နှုန်းသည် လယ်ယာထွက်ကုန်များကို Value Added ပြုလုပ်ပြီး စားသောက်ကုန်များအဖြစ် ဆောင်ရွက်နေသည်ကိုတွေ့ရပါကြောင်း၊ MSMEs များ၏ ထုတ်ကုန်များကို စနစ်တကျစစ်ဆေးမည့် စမ်းသပ်ကိရိယာများ မရှိသည့် အပြင် FDA လက်မှတ် မရှိကြသည့်အတွက် ဈေးကွက်က ယုံကြည်လက်ခံရန် အားနည်း နေသည်ကို တွေ့ရသဖြင့် ဝန်ကြီးဌာနများတွင်ရှိသည့် Laboratory Test Center များတွင် စစ်ဆေးခွင့်ပေးခြင်း၊ ထုတ်ကုန်အရည်အသွေး ပြည့်မီမှု Certificate ထုတ်ပေးခြင်းနှင့် SME Logo တရားဝင်ထုတ်ပေးပြီး အသုံးပြုစေခြင်း နည်းလမ်းများကို လုပ်ထုံးလုပ်နည်းနှင့် ကိုက်ညီပါက ထည့်သွင်းစဉ်းစားစေလိုပါကြောင်း၊ သို့မှသာ နိုင်ငံတကာ က အသိအမှတ်ပြု MSMEs များဖြစ်လာပြီး စားသုံးသူများ၏ယုံကြည်မှု ရရှိလာမည်ဖြစ်ကာ ပြည်ပဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်ပါကြောင်း။

၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် ဆဋ္ဌမအကြိမ်မြောက် အာဆီယံအငယ်စား၊ အသေး စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (ACCMSME) အစည်းအဝေး၊ ASEAN + 3 အစည်းအဝေး၊ ဂျပန်နှင့် Financial Symposium အလုပ်ရုံ ဆွေးနွေးပွဲ၊ OECD အလုပ်ရုံဆွေးနွေးပွဲများ အပါအဝင် အခြားဆက်စပ် အစည်းအဝေးများ ကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် စီစဉ်ထားပါကြောင်း။

အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ သာမက ဂျပန်၊ ကိုရီးယား၊ ဂျာမနီနိုင်ငံနှင့် အမေရိကန် (USAID)တို့မှ ကိုယ်စားလှယ်များ၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့အစည်း (OECD)၊ ကုလသမဂ္ဂ စက်မှုဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့အစည်း (UNIDO) နှင့် ဂျာမနီ GIZ တို့မှ ကိုယ်စားလှယ်များ တက်ရောက် ကြမည်ဟု သိရှိရပါကြောင်း။

OECD နှင့် ပြုလုပ်မည့် အလုပ်ရုံဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ အစိုးရ အသီးသီးမှ MSMEs များကို ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ပံ့ပိုးပေးခဲ့သည့်အခြေအနေ များကို Criteria (စံသတ်မှတ်ချက်) ၈ ခုဖြင့် တိုင်းတာပြီး ရလဒ်များကို ဖော်ထုတ်ဆွေးနွေး သွားကြမည်ဖြစ်ပါကြောင်း၊ အဆိုပါအစည်းအဝေးကျင်းပသည့်ရက်အတွင်း အရည်အသွေး ပြည့်မီကောင်းမွန်သော ‘Made in Myanmar’ ထုတ်ကုန်များကို ပြသနိုင်ရေး၊ ဆုရ MSMEs လုပ်ငန်းရှင်များနှင့် ဆုမရသော်လည်း အလားအလာရှိသည့်ပြိုင်ပွဲဝင် MSMEs လုပ်ငန်း အချို့ကို အာဆီယံဒေသတွင်းသာမက နိုင်ငံတကာမှလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင် ရေး၊ လုပ်ငန်းရှင်အချင်းချင်းချိတ်ဆက်ဆွေးနွေးပွဲ (One-to-One Business Meeting) များ ပါဝင်နိုင်ရေးနှင့် Trade Show များ၌ ပါဝင်ပြသနိုင်ရေးစသည့် အခွင့်အလမ်းများရရှိစေရန် အာဆီယံဒေသတွင်း အငယ်စား၊ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ ( ACCMSME ) မှတစ်ဆင့် ဆက်လက်ဆောင်ရွက်လျက် ရှိပါကြောင်း။

အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသ အလိုက် Action Plan များရေးဆွဲကာ အဆိုပါ Action Plan များကို Target ထား၍ ဒေသ တွင်း MSMEs များကို ထိထိရောက်ရောက် ပံ့ပိုးပေးရန်လိုပါကြောင်း၊ နိုင်ငံတော်၏ စီးပွား ရေးတွင် အဓိကကျောရိုးသဖွယ်ဖြစ်သည့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဈေးကွက်ရရှိရေး၊ ပို့ကုန်မြှင့်တင်ရေးနှင့် တီထွင်ဆန်းသစ်ရေး စသည့်အချက်များ တိုးတက် အောင်မြင်စေရန် ဝိုင်းဝန်းညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် အကြံပြု ချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို က အသေးစားနှင့်အလတ်စား စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် က အသေးစား နှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများ နှင့် ဖြေလျှော့ပေးသင့်သည့်အချက်များကိုလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း က ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက် ပေးနေမှုများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထူး က အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေ များနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ လုပ်ငန်းသုံးသပ် မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ကျော် က လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြ ကြသည်။

ယင်းနောက် လုပ်ငန်းကော်မတီဝင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို၊ ကရင်ပြည်နယ် လျှပ်စစ်နှင့်စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ချင်းပြည် နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်၊ စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်၊ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဒေါ်လဲ့လဲ့မော်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ မန္တလေး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရခိုင်ပြည်နယ် ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ မွန်ပြည်နယ် စီမံကိန်း၊ ဘဏ္ဍာရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဦးဝဏ္ဏကျော်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းတို့က အသေးစားနှင့်အလတ်စားစီးပွား ရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ဆက် လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နည်းပညာနှင့် ချေးငွေလိုအပ်ချက်နှင့် ဒေသ အလိုက် အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်အလမ်းများ တည်ရှိနေမှုများကို ဆွေးနွေးတင်ပြကြသည်။

ထို့နောက် လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ က ဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

အစည်းအဝေးအပြီးတွင် ဒုတိယသမ္မတသည် စက်မှုဝန်ကြီးဌာန မြေညီထပ်၌ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းရှင်များက လာရောက်ခင်းကျင်း ပြသထားသည့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများအား လှည့်လည် ကြည့်ရှုသည်။