ဒုတိယသမ္မတ ဦးမြင့်ဆွေ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကျင်းပရေး ဦးစီးကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 နေပြည်တော် သြဂုတ် ၁

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကျင်းပရေး ဦးစီးကော်မတီညှိနှိုင်းအစည်း အဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဒေါက်တာ မျိုးသိမ်းကြီးနှင့် ဒေါက်တာဝင်းမြတ်အေး၊ မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဗိုလ်ချုပ်အောင်သူ၊ ဦးအောင်လှထွန်း နှင့် ဒေါက်တာ မြလေးစိန်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒုတိယသမ္မတ ဦးမြင့်ဆွေက အဖွင့်အမှာစကား ပြောကြားရာတွင် လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကျင်းပရေး ဦးစီးကော်မတီကို ဒုတိယသမ္မတ ဦးဆောင်၍ အဖွဲ့ ဝင် ၂၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကာ လုပ်ငန်းတာဝန် (၃)ရပ် ချမှတ်ခဲ့ပါကြောင်း၊ ယင်းလုပ်ငန်း တာဝန်(၃)ရပ်မှာ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး)ကို အောင်မြင်စွာကျင်းပနိုင် ရေးအတွက် မူဝါဒချမှတ်ပေးခြင်း၊ လူငယ်များ၏ အသိပညာ၊ အတတ်ပညာနှင့် ကျင့်ဝတ် တန်ဖိုးဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့်ဗလငါးတန် မြှင့်တင် ပေးနိုင်ရေးဆောင်ရွက်မည့် အစီအစဉ်များချမှတ်ပေးရန်နှင့် ပွဲတော်တွင်ပါဝင်သည့်အဖွဲ့ အစည်းများ ဟန်ချက်ညီစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးနှင့် လုံခြုံမှုရှိစေရေးအတွက် လိုအပ်သလို ချမှတ်ပေးနိုင်ရန် ဖြစ်ပါကြောင်း။

ယင်းလုပ်ငန်းတာဝန်များကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) ကျင်းပရေးလုပ်ငန်းကော်မတီကို ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးဆောင်၍ (၁၇)ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးများ အဖွဲ့ နှင့် ဆပ်ကော်မတီ(၁၄)ခုကိုဖွဲ့စည်း၍ လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကျင်းပရသည့် ရည်ရွယ်ချက်မှာ “မြန်မာလူငယ်တွေရဲ့ အသိပညာ၊ အတတ်ပညာနဲ့ ကျင့်ဝတ်တန်ဖိုးအပါအဝင် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေးနဲ့ အနာဂတ် မြန်မာ့လူ့ဘောင် အဖွဲ့အစည်းကို လူငယ်တွေရဲ့ အတွေးအမြင်ကောင်းတွေ၊ အရည်အသွေးကောင်းတွေနဲ့ အကောင်အထည်ဖော် တည်ဆောက်နိုင်ဖို့” ဖြစ်ပါကြောင်း။

မြန်မာ့လူ့အဖွဲ့အစည်းကို လွတ်လပ်မှု(Freedom)၊ ဖွံ့ဖြိုးတိုးတက်မှု (Development) နှင့် ကြွယ်ဝချမ်းသာမှု (Prosperity)ဆိုသည့် အခြေခံတန်ဖိုးများဖြင့် ဖန်တီးတည်ဆောက် လျက်ရှိပါကြောင်း၊ ထိုသို့ တည်ဆောက်နိုင်ရန်အတွက် အဓိကကျသည့် လိုအပ်ချက်မှာ မိမိတို့၏ အနာဂတ်လူ့အဖွဲ့အစည်းကို ပဲ့ကိုင်ဖန်တီးကြမည့် လူငယ်မျိုးဆက်သစ်များကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ ဆိုသည့် ဗလငါးတန်မြှင့်တင်ပေးနိုင်ရေး ပြုစုပျိုး ထောင်ပေးရန်ဖြစ်ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးကို ပြန်ကြည့်ပါက နိုင်ငံတိုင်းတွင် မိမိတို့၏ အနာဂတ်လူ့ဘောင်အတွက် လူငယ်မျိုးဆက်သစ်များကို အားပေးမြှင့်တင်၍ လူသားအရင်းအမြစ် ရင်းနှီးမြှုပ်နှံမှုများအဖြစ် အင်တိုက်အားတိုက် ဆောင်ရွက်နေကြ သည်ကို အားလုံးတွေ့မြင်ရမည် ဖြစ်ပါကြောင်း။

ပထမအကြိမ် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်ကို ရန်ကုန်တက္ကသိုလ်အတွင်း၌ ၂၀၁၇ ခုနှစ် ဒီဇင်ဘာ (၁)ရက်မှ (၃)ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့ပါကြောင်း၊ အဆိုပါ ပွဲတော်တွင် တက္ကသိုလ်၊ ကောလိပ်အသီးသီးမှ ကျောင်းသားကျောင်းသူ များ၊ လူမှုအဖွဲ့ အစည်းအသီးသီးမှ လူငယ်များ၊ တက္ကသိုလ်ကျောင်းသားဟောင်းများ၊ တက္ကသိုလ် အသီး သီးမှ ဘာသာရပ်ဆိုင်ရာ အသင်းအဖွဲ့များအားလုံး ပါဝင်ဆင်နွှဲခဲ့ကြသည့်အတွက် မျိုးဆက် ဟောင်းနှင့် မျိုးဆက်သစ်များအကြား ချိတ်ဆက်ဆောင်ရွက်ပေးနိုင်သော အောင်မြင်သည့် ပွဲတော်တစ်ခုအဖြစ်လည်း မြင်တွေ့ခဲ့ကြရပါကြောင်း။

ထို့ပြင် အခြေခံပညာကျောင်းသား ကျောင်းသူများ၏ ပြခန်းများ၊ တက္ကသိုလ်၊ ကောလိပ် အသီးသီးမှပြခန်းများကို စနစ်တကျပြင်ဆင် ခင်းကျင်းပြသထားသည်ကို တွေ့ရှိရပြီး လူငယ်များ၏ စကားဝိုင်းဆွေးနွေးပွဲများ၊ အနုပညာလှုပ်ရှားမှုများ၊ အားကစား လှုပ်ရှားမှုများနှင့် တေးသီချင်း သီဆိုသံများသည် ပွဲတော်ကို ပိုမိုသက်ဝင်လှုပ်ရှားစေခဲ့ သည့်အတွက် မိမိတို့အနေဖြင့် ကြည်နူးဝမ်းမြောက်ရပြီး ကျင်းပပေးနိုင်ခဲ့မှုအပေါ်တွင်လည်း အားရကျေနပ် ဂုဏ်ယူရပါကြောင်း။

ယခုပြုလုပ်မည့်ပွဲတော်တွင် စာပေဆိုင်ရာလှုပ်ရှားမှု၊ အနုပညာဆိုင်ရာ လှုပ်ရှား မှု၊ အားကစားဆိုင်ရာလှုပ်ရှားမှု၊ IT နှင့် သိပ္ပံနည်းပညာ ဆိုင်ရာလှုပ်ရှားမှုများ ပါဝင်မည် ဖြစ်ပါကြောင်း၊ ထို့ပြင် စာအုပ်ဈေးရောင်းပွဲတော်၊ လူငယ်ဆိုင်ရာ အသိပညာပေးအစီအစဉ်၊ ဆွေးနွေးပွဲ၊ အဆို၊ အက၊ အတီးများနှင့် ဖျော်ဖြေမှုအစီအစဉ်များကို ကဏ္ဍအလိုက် ထည့်သွင်း ဆောင်ရွက်ထားခြင်းဖြစ်သည့်အတွက် များစွာတာဝန်ကြီးမားခြင်းကြောင့် လုပ် ငန်းကော်မတီနှင့် ဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာကဏ္ဍအလိုက် လစ်ဟာမှုမရှိ အောင် စနစ်တကျပူးပေါင်းဆောင်ရွက်သွားကြစေလိုပါကြောင်း။

ထို့ကြောင့် ယခုပွဲတော်တွင်ပါဝင်မည့် လှုပ်ရှားမှုများကို ရွေးချယ်ရာ၌ ဆန်းသစ်မှု၊ လူငယ်များနှင့်ရင်းနှီးကျွမ်းဝင်မှု၊ လူငယ်များကိုအခြေခံမှု၊ လူငယ်များက ဦးဆောင်နိုင်မှုနှင့် အားလုံးပါဝင်နိုင်မှုများကို အခြေခံစဉ်းစား ဆောင်ရွက်ပေးကြရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ယနေ့အချိန်ကာလသည် နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များ၏စွမ်းပကား တိုးတက်မြင့် မားလာစေရန် ဘက်ပေါင်းစုံမှ အားပေးမြှင့်တင် ဆောင်ရွက်ပေးနေချိန် ဖြစ်ပါကြောင်း၊ ယနေ့လူငယ်များသည်အနာဂတ် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ကြီးမားသည့် မောင်းနှင်အားများ ဖြစ်ပါကြောင်း။

ပွဲတော်နှင့်ပတ်သက်၍ ပြည်သူလူထုကို အသိပေးလှုံ့ဆော်သော Theme Song ကို ရုပ်မြင်သံကြား၊ သတင်းစာများနှင့် ရေဒီယိုများတွင်လည်း ဖော်ပြပေးနေသည်ကို တွေ့ရှိ ရပါကြောင်း၊ ယခုကဲ့သို့ လူငယ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ပေးခြင်းသည် အနာဂတ်နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ရန်အတွက် တစ်ဖက်တစ်လမ်းက ကူညီပံ့ပိုးပေး ခြင်းဖြစ်သည်နှင့်အညီ စိတ်ကောင်း စေတနာကောင်းများနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြပါဟု တိုက်တွန်းလိုပါကြောင်း။

ယခုကျင်းပမည့်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာဖြင့် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် တက်ရောက်လာကြသည့် တာဝန်ရှိသူများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများ အလိုက် ဆောင်ရွက်နေမှုအခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်လိုအပ်သည့် အကြံပြုချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် ကျင်းပနိုင်ရေး အတွက် အစည်းအဝေးများ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ပွဲတော်ကျင်းပရခြင်း ရည်ရွယ် ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပွဲတော်တွင် ပိုမိုပြည့် စုံစေရန်အတွက် IT ကဏ္ဍဖြည့်စွက်ရန်အတွက် အကြံပြုချက်များကိုလည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က တိုင်း ဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ပွဲတော်အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကဏ္ဍ အလိုက် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက်ဆောင်ရွက်မည့်အစီအမံများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပွဲတော်ကျင်းပရေး ဦးစီးကော်မတီဝင်များဖြစ်ကြသည့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖျော်ဖြေရေးဆိုင်ရာ ကိစ္စ ရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက လူငယ်ရေးရာမူူဝါဒ ဆိုင်ရာကိစ္စရပ်များနှင့် အသိပညာပေးအစီအစဉ်များ နှင့်စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြ သည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပွဲတော်ကျင်းပရေး ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး(၁) ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရှင်းလင်းတင်ပြပြီး လုံခြုံရေးဆပ်ကော်မတီ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုဆပ်ကော်မတီ၊ အနုပညာဆိုင်ရာ လှုပ်ရှားမှုဆပ်ကော်မတီ၊ IT နည်းပညာဆိုင်ရာ လှုပ်ရှားမှုဆပ်ကော်မတီ၊ ပြပွဲပြိုင်ပွဲများကျင်းပရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော် မတီ၊ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီ၊ အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြား ရေးနှင့်ကြိုဆိုနေရာချ ထားရေးဆပ်ကော်မတီ၊ ဧည့်ခံကျွေးမွေးရေးဆပ်ကော်မတီ၊ သယ်ယူ ပို့ဆောင်ရေး ဆပ်ကော်မတီနှင့် ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီတို့မှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိ သူများက ဆပ်ကော်မတီအလိုက် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော်(မန္တလေး) အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ လုပ်ငန်းလိုအပ်ချက်များနှင့် အကြံပြုချက် များကို ရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယသမ္မတ က တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။