နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ ပြည်ထောင်စုလွှတ်တော် နာယကတာဝန် လွှဲပြောင်းပေးအပ်ပွဲ တက်ရောက်

Printer-friendly versionSend by email





 နေပြည်တော် သြဂုတ် ၁

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမ ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုလွှတ်တော် နာယက၏ တာဝန်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း က ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ လွှဲပြောင်းပေးအပ်သည်။

အစည်းအဝေးသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးမြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော် အစည်းအဝေးကာလ လပေါင်း ၃၀ အတွင်း ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း ဆောင်ရွက်ခဲ့မှုများ နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက၏ တာဝန်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ထံသို့ လွှဲပြောင်းပေးအပ် သည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက ဦးတီခွန်မြတ်က လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တာ် နာယက ဦးတီခွန်မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၇၆ ပုဒ်မခွဲ(က) နှင့်အညီ ပြည်ထောင်စု လွှတ်တော် နာယက၊ ဒုတိယနာယက တာဝန်များကို အောင်မြင်စွာထမ်းဆောင်ခဲ့သည့် အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် တို့အား ပြည်ထောင်စုလွှတ်တော်က ဂုဏ်ပြုမှတ်တမ်းတင်ကြောင်း ကြေညာသည်။