နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ချက်အမှတ် ၈ / ၂၀၁၈

Printer-friendly versionSend by email

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နိုင်ငံတော်သမ္မတရုံး

သတင်းထုတ်ပြန်ချက်အမှတ်  ၈ / ၂၀၁၈

၁၃၈၀ ပြည့်နှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်  ၃ ရက်

(၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)



လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခြင်း

၁။    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရသည် ရခိုင်ပြည်နယ်တွင် ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုဆောင်ရွက်နိုင်ရန် အမျိုးသားအစီအစဉ်တစ်ရပ် အနေဖြင့် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ယနေ့ဖွဲ့စည်းလိုက်ပါသည်။ ဤလွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ARSA အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် လူ့အခွင့် အရေး ချိုးဖောက်ကြောင်းစွပ်စွဲချက်များ၊ ယင်းနှင့်ဆက်နွယ်သည့်ကိစ္စရပ်များကို စုံစမ်းစစ်ဆေးမည် ဖြစ်ပါသည်။ ကော်မရှင်ကို အောက်ဖော်ပြပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်ပါသည်-



(က)    သံအမတ်ကြီးရိုဆာရီယိုမယ်နာလို                         ဥက္ကဋ္ဌ

ဖိလစ်ပိုင်နိုင်ငံ၊ ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း

ကုလသမဂ္ဂCEDAWကော်မတီ၏ ဥက္ကဋ္ဌဟောင်းနှင့်လက်ရှိအဖွဲ့ဝင်





(ခ)    ဦးမြသိန်း                                                         အဖွဲ့ဝင်

ဥက္ကဋ္ဌဟောင်း၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်





(ဂ)    သံအမတ်ကြီးကင်ဇိုအိုရှီးမား                              အဖွဲ့ဝင်

လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်များဆိုင်ရာကုလသမဂ္ဂ ဒုတိယအတွင်းရေးမှူးချုပ်နှင့် အရေးပေါ်ကယ်ဆယ်ရေးညှိနှိုင်းရေးမှူးဟောင်း

ကုလသမဂ္ဂဆိုင်ရာဂျပန်အမြဲတမ်းကိုယ်စားလှယ်ဟောင်း





(ဃ)    ပါမောက္ခဒေါက်တာအောင်ထွန်းသက်                      အဖွဲ့ဝင်

ယူနီဆက်အဆင့်မြင့် အရာရှိကြီးဟောင်းနှင့်

ကုလသမဂ္ဂဝန်ထမ်းကောလိပ်ကျောင်းအုပ်ကြီးဟောင်း



၂။    ကော်မရှင်ကို ပြည်တွင်းနှင့်နိုင်ငံတကာမှ ဥပဒေနှင့်နည်းပညာ ကျွမ်းကျင်သူများက ပံ့ပိုး ဆောင်ရွက်ပေးမည် ဖြစ်သည်။