ဒုတိယသမ္မတ ဦးမြင့်ဆွေ ၂၀၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့တက်ရောက် အဖွင့်အမှာစကားပြောကြား

Printer-friendly versionSend by email

 

 

နေပြည်တော် ဇူလိုင် ၁၁

၂၀၁၈ ခုနှစ် ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီ တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ဒေါက်တာဖေမြင့်၊ သူရဦးအောင်ကို၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း၊ ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြားသံအမတ်ကြီးများနှင့် သံတမန်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ သူနာပြုနှင့်သားဖွားဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ၊ INGOs, NGOs များမှကိုယ်စားလှယ်များ၊ ဖိတ်ကြား ထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတက ကမ္ဘာ့လူဦးရေ သန်း (၅ဝဝဝ)ပြည့်သည့် ၁၉၈၇ ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့ကို ကုလသမဂ္ဂက ကမ္ဘာ့လူဦးရေနေ့အဖြစ် ၁၉၈၉ ခုနှစ်တွင် စတင်သတ်မှတ်ခဲ့ပါကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အရေးတကြီးဖြေရှင်းရမည့် လူဦးရေ ဆိုင်ရာပြဿနာများကို အာရုံစိုက်မိလာစေရန်အတွက် ၁၉၉၀ ပြည့်နှစ်ကစ၍ “ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနား”ကို နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ပါကြောင်း။ ယခုနှစ် ကမ္ဘာ့လူဦးရေနေ့ ၏ ဆောင်ပုဒ်မှာ “လူ့အခွင့်အရေးအခြေခံလို့ မိသားစုစီမံကိန်း ဖော်ဆောင်စို့” ဖြစ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း အရေးကြီးသည့် ယခုကဲ့သို့ အထိမ်းအမှတ်နေ့ အခမ်းအနားများကို နှစ်စဉ် ကျင်းပပြုလုပ်လျက်ရှိပါကြောင်း။

မိသားစုစီမံကိန်းဖော်ဆောင်ခြင်းအားဖြင့် လိုချင်သည့် ကလေးအရေအတွက်ကို ရယူ နိုင်မည်ဖြစ်ပြီး သားဆက်ခြားကာလကိုလည်း ဆုံးဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ မိသားစု စီမံကိန်းကို လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွားမိခင်သေဆုံးမှုကို (၃၀)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ပြီး အသက်(၅)နှစ်အောက်ကလေး သေဆုံးမှုကိုလည်း (၂၁)ရာခိုင်နှုန်း ထိ လျှော့ချနိုင်မည် ဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသအတွင်းတွင် သားဖွားမိခင် သေဆုံးမှုနှုန်း အမြင့်ဆုံးနိုင်ငံများထဲတွင် ပါဝင်နေပြီး ကလေးအရှင်(၁)သိန်း မွေးဖွားတိုင်း မိခင်(၂၈၂) ဦး သေဆုံးလျက်ရှိကြောင်းနှင့် နှစ်စဉ် မြန်မာနိုင်ငံတွင် မိခင်(၂၇ဝဝ)ခန့်သည် ကိုယ်ဝန်ဆောင်စဉ်နှင့် ကလေးမွေးဖွားစဉ်တွင် သေဆုံးနေသည်ဟုစာရင်းများအရ သိရှိ ရပါကြောင်း၊ သားဖွားမိခင်သေဆုံးမှု အရေအတွက်တွင် သားပျက်/သားလျှောခြင်းကြောင့် သေဆုံးမှုရာခိုင်နှုန်းမှာ ကိုယ်ဝန်ဆောင်မိခင်များ သေဆုံးနှုန်း၏ (၁၂) ရာခိုင်နှုန်းရှိပြီး မိခင်သေဆုံးရခြင်း အကြောင်းရင်းများတွင် သားပျက်/သားလျှောခြင်းကြောင့် သေဆုံးမှုမှာ တတိယအများဆုံး ဖြစ်သည်ဟုသိရှိရပါကြောင်း၊ အသက်(၁၅)နှစ်မှ (၁၉)နှစ်အတွင်း အမျိုးသမီးငယ်များသည်သားပျက်/သားလျှောနှုန်း အမြင့်ဆုံးကြုံတွေ့နေရပြီး မိခင်နှင့်မွေးကင်းစ ကလေးသေဆုံးမှုများ၊ နာမကျန်းဖြစ်မှုများကို လျှော့ချနိုင်ရန်အတွက် မိခင်နှင့်ကလေး စောင့်ရှောက်မှုနှင့် အသိပညာပေးလုပ်ငန်း အစီအစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက် ကြရန်လိုအပ်ပြီး ယင်းနှင့်တိုက်ရိုက်ဆက်စပ်နေသည့် မိသားစုစီမံကိန်းနှင့် မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းများ အရည်အသွေးပိုမိုကောင်းမွန်အောင်နှင့် လူတိုင်းလက်လှမ်းမီအောင် ဆောင်ရွက်ပေးရန်လည်း လိုအပ်ပါကြောင်း။

ကုလသမဂ္ဂ၏ ခန့်မှန်းတွက်ချက်မှုအရ ယနေ့ကမ္ဘာ့လူဦးရေသည် (၇ ဒသမ ၆) ဘီလီယံခန့် ရှိနေပြီဖြစ်ပါကြောင်း၊ ခရစ်နှစ် ၂၀၃၀ တွင် နောက်ထပ် (၁)ဘီလီယံတိုးလာပြီး ခရစ်နှစ် ၂၁ဝဝ တွင် (၄)ဘီလီယံ ထပ်မံတိုးလာလိမ့်မည်ဟု ခန့်မှန်းထားကြပါကြောင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံအများစုတွင် ကလေးမွေးဖွားနှုန်းမြင့်မားနေပြီး ကလေးမွေးဖွားနှုန်းမြင့်မားခြင်း သည် ဆင်းရဲနွမ်းပါးမှုနှင့် ဆက်စပ်နေပါကြောင်း၊ ယနေ့ကာလတွင် လူဦးရေတိုးနှုန်းကို လျှော့ချရန် နည်းလမ်းများစွာရှိနေသည့်အထဲမှ အထိရောက်ဆုံး နည်းလမ်းတစ်ခုမှာ "မိသားစုစီမံကိန်းနည်းလမ်းများ"ကို ထိထိရောက်ရောက် အသုံးချနိုင်စေရန် ပံ့ပိုးပေးခြင်း ဖြစ်ပါကြောင်း။

၂၀၁၅ ခုနှစ်တွင် ကောက်ယူခဲ့သည့် မြန်မာနိုင်ငံလူနေမှုဘဝနှင့် ကျန်းမာရေးဆိုင်ရာ အခြေခံအချက်အလက်စစ်တမ်းအရ အိမ်ထောင်သည်အမျိုးသမီး (၅၂)ရာခိုင်နှုန်းသည် မိသားစု စီမံကိန်းနည်းလမ်းများကို အသုံးပြုလျက်ရှိပါကြောင်း၊ အဆိုပါ (၅၂)ရာခိုင်နှုန်း အနက် ခေတ်မီနည်းလမ်းများကို အသုံးပြုမှုမှာ (၅၁)ရာခိုင်နှုန်းရှိပြီး (၁)ရာခိုင်နှုန်းမှာ မိရိုးဖလာနည်းလမ်းကိုသာ အသုံးပြုနေသည်ဟုသိရှိရပါကြောင်း၊ သို့သော် မျိုးဆက်ပွားနိုင် သည့် အသက်အရွယ်အတွင်းတွင်ရှိသည့် အိမ်ထောင်သည်အမျိုးသမီး (၁၆)ရာခိုင်နှုန်းမှာ ခေတ်မီသားဆက်ခြားနည်းလမ်းများ သုံးချင်သော်လည်း အသုံးပြုနိုင်မှုမရှိခြင်း၊ အိမ်ထောင် သည် အမျိုးသမီး (၅)ရာခိုင်နှုန်းမှာ ကလေး တစ်ဦးနှင့်တစ်ဦးအကြား အချိန်အတိုင်းအတာ တစ်ခုခြားလိုခြင်း၊ အိမ်ထောင်သည်အမျိုးသမီး (၁၁)ရာခိုင်နှုန်းမှာ မွေးဖွားမှုကိုကန့်သတ် လိုခြင်းစသည့် စိန်ခေါ်မှုများစွာရှိနေသည်ကိုလည်း သိရှိ ရပါကြောင်း။

မိသားစုစီမံကိန်း ဖော်ဆောင်ခြင်းဖြင့် လူမှုရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို အထောက်အပံ့ဖြစ်စေပြီး အမျိုးသားများ၊ အမျိုးသမီးများနှင့်ကလေးများ၏ လူမှုဘဝကို လည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါကြောင်း၊ မိသားစုစီမံကိန်းများ ဖော်ဆောင်မည်ဆိုပါက သားဖွားမိခင်များ၊ မွေးကင်းစကလေးငယ်များနှင့် ကလေးများအချိန်မတိုင်မီ သေဆုံးမှုကို ကာကွယ်ပေးခြင်း၊ နာမကျန်းမှုနှင့် မသန်စွမ်းမှုအခြေအနေများကို ကာကွယ်ပေးခြင်း၊ လုပ်သားအင်အားစုတွင် အမျိုးသမီးများ ပိုမို ပါဝင်လာစေခြင်းမှတစ်ဆင့် ဆင်းရဲနွမ်းပါးမှုကို လျှော့ချပေးခြင်း၊ ကလေးများတွင် အာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ရလဒ်ကောင်းများ ဖြစ်ထွန်း စေခြင်း၊ စာသင်ကြားခွင့်ပိုရရှိစေခြင်းဖြင့် ပညာတတ်ကလေးငယ်များ ပိုမိုများပြားလာ စေခြင်း၊ ပိုမိုကျန်းမာပျော်ရွှင်သည့် မိသားစုအခြေအနေများ ဖန်တီးပေးနိုင်ခြင်း၊ မိခင်နှင့် ကလေးကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ်များနှင့် အခြား ဆက်စပ်စရိတ်များ လျှော့ချနိုင်ခြင်းနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်ရေးတို့တွင် အထောက်အပံ့ ပေးနိုင်မည်ဖြစ်ပါကြောင်း။

ထို့ပြင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင် (၃)အရ ခရစ်နှစ် ၂၀၃၀ ပြည့်နှစ် မှာ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝန်ဆောင်မှုများကို လူတိုင်းလက်လှမ်းမီ ရရှိစေရေး၊ မိသားစုစီမံကိန်းဆိုင်ရာ သတင်းအချက်အလက်များရရှိစေရေးနှင့် ပညာပြန့်ပွား ရေး၊ အမျိုးသားအဆင့်မဟာဗျူဟာများ၊ အစီအစဉ်များချမှတ်ရာတွင် မျိုးဆက်ပွားကျန်းမာရေး ဆိုင်ရာ အကြောင်းအရာများပါဝင်ရေး စသည်တို့ရရှိစေရန်အတွက် စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်မှုဆိုင်ရာ ထိပ်သီး အစည်းအဝေးတွင် သဘောတူညီခဲ့ကြပြီး ဖြစ်ပါကြောင်း။

ယခုကဲ့သို့အခမ်းအနားမျိုး ကျင်းပရသည့်အတွက် မိသားစုစီမံကိန်း၏ အရေးပါမှု များကို သတိပြုမိလာစေပြီး အဆောတလျင်ဆောင်ရွက်သွားရမည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကတိကဝတ်များကို ပြန်လည်အမှတ်ရစေနိုင်မည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် လူတစ်ဦးချင်းစီနှင့် ဇနီးမောင်နှံများတွင် မိသားစုအရွယ်အစား ဆုံးဖြတ်ရန်အတွက် အခွင့် အရေးရှိပြီး အဆိုပါ အခွင့်အရေးမှာ သားဖွားမိခင်များသေဆုံးမှုနှင့် နာမကျန်းဖြစ်မှုများကို လျှော့ချရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ် ဖြစ်ပါကြောင်း။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့နှင့် မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မိသားစုစီမံကိန်းမြှင့်တင်ခြင်း၊ သားဆက်ခြား ဆေးဝါးများဖြန့်ဝေခြင်း၊ ပညာပေးဆွေးနွေးခြင်းနှင့် မိသားစုစီမံကိန်းဆိုင်ရာဝန်ဆောင်မှုများ ပေးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး စေတနာ့ဝန်ထမ်းများကလည်း လူထုအခြေပြု အသိ ပညာပေး လှုပ်ရှားမှုများနှင့် ဝန်ဆောင်မှုရရှိနိုင်သည့်နေရာများကို လမ်းညွှန်ပေးမှုများ ဆောင်ရွက်ပေးနေသည်ကို သိရှိရပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးကိုအခြေခံသည့် မိသားစုစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံခြင်း၏အရေးပါမှုကို မီးမောင်းထိုးပြနိုင်ရန်အတွက် နိုင်ငံတကာအသိုက်အဝန်း နှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး လူဦးရေဆိုင်ရာပြဿနာများကို ဖြေရှင်းရန် ကြိုးပမ်းအားထုတ်မှုများတွင် အစိုးရနှင့်အတူ ပြည်တွင်းပြည်ပမှဆက်စပ်အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ကူညီလာစေရေးအတွက်လည်း ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြပါရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက “Family Planning is a Human Right” “လူ့အခွင့် အရေးအခြေခံလို့ မိသားစု စီမံကိန်းဖော်ဆောင်စို့” ဆောင်ပုဒ်နှင့်စပ်လျဉ်းသည့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူဦးရေရန်ပုံငွေအဖွဲ့မှ ခေတ္တဌာနေ ကိုယ်စားလှယ် Ms. Kaori Ishikawa က ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် အခမ်းအနားနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် မိသားစုစီမံကိန်းနှင့် ပတ်သက်သည့် ဗွီဒီယိုနှင့် ၂၀၁၈ ခုနှစ်၊ ကမ္ဘာ့လူဦးရေနေ့ဆောင်ပုဒ်ဖြစ်သည့် “လူ့အခွင့်အရေး အခြေခံလို့ မိသားစုစီမံကိန်း ဖော်ဆောင်စို့” “Family Planning is a Human Right” ဆောင်ပုဒ်နှင့် ပတ်သက်သည့် Animation Video Clip တို့ကို ပြသကြသည်။

အခမ်းအနားအပြီးတွင် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထား သည့် ကမ္ဘာ့လူဦးရေနေ့အထိမ်းအမှတ် ပြခန်းငယ်များကို လှည့်လည်ကြည့်ရှုအားပေး ခဲ့ကြသည်။