မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယအကြိမ် အစည်းအဝေးကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် ဇူလိုင် ၁ဝ

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ၏ ဒုတိယအကြိမ် အစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဦးအောင်ကိုမြင့်၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ တိုင်း ဒေသကြီးနှင့်ပြည်နယ်လူမှုရေးဆိုင်ရာဝန်ကြီးများ၊ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်ဒုတိယဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မသန်စွမ်းသူများ အသင်းချုပ်မှ တာဝန်ရှိသူများ၊ မသန်စွမ်းသူများအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ မသန်စွမ်းဆက်စပ်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းထုတ်ပြန်ခဲ့သည့် မသန်စွမ်းမှုဆိုင်ရာ ကမ္ဘာ့အစီရင်ခံစာ (၂ဝ၁ဝ) အရ ကမ္ဘာ့လူဦးရေသန်း ၁ဝဝဝ ကျော်သည် မသန်စွမ်းမှု တစ်မျိုးမျိုးခံစားနေကြရပါကြောင်း၊ မသန်စွမ်းသူများသည် ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ အလုပ်အကိုင် စသည့် အခွင့်အလမ်းများကို အများနည်းတူ အလွယ်တကူ လက်လှမ်းမီရရှိခံစားမှု နည်းပါးခြင်းအပြင် ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားခြင်း၊ အလုပ် လက်မဲ့နှုန်းမြင့်မားခြင်း၊ ဝင်ငွေမလုံလောက်ခြင်းတို့ကိုလည်း ကြုံတွေ့နေကြရပါ ကြောင်း။

ထိုသို့ အခြေအနေဆိုးများကို လျှော့ချနိုင်စေရန်အပြင် မသန်စွမ်းသူတိုင်း လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်အားလုံး ညီမျှစွာအပြည့်အဝရရှိရေးတို့ကို ကာကွယ်စောင့်ရှောက်ရန်၊ တိုးမြှင့်လုပ်ဆောင်နိုင်ရန်၊ မသန်စွမ်းသူများ၏ မွေးရာပါ ဂုဏ်သိက္ခာအား ပိုမိုလေးစားမှု ရှိစေရန် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာကုလသမဂ္ဂကွန်ဗင်းရှင်းကို ၂ဝဝ၆ ခုနှစ် တွင် ချမှတ်ခဲ့ပါကြောင်း။

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံလူဦးရေ၏ ၂ ဒသမ ၃ သန်းကျော်သော မသန်စွမ်းသူများ၏ လူ့အခွင့်အရေးများနှင့် အခြေခံလွတ်လပ်ခွင့်များကို အသိ အမှတ်ပြု ဆောင်ရွက်သည့်အနေဖြင့် ၂ဝ၁၁ ခုနှစ် ဒီဇင်ဘာ ၇ ရက်တွင် မသန် စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းတွင် အဖွဲ့ဝင်နိုင်ငံ အဖြစ် အတည်ပြု လက်မှတ်ရေးထိုးခဲ့ပြီး မသန်စွမ်းသူများ၏ အခွင့်အရေးများကို အခြေပြုသည့် တရားမျှတမှု၊ ကောင်းကျိုးစီးပွားနှင့် လူ့အဖွဲ့အစည်းအတွင်း လူတန်း စေ့ ပါဝင်ဆောင်ရွက်နိုင်မှုတို့ကို ပြည့်မီစွာရရှိစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါ ကြောင်း။

နိုင်ငံတော်အနေဖြင့် မသန်စွမ်းသူများ၏ အခွင့်အရေးဥပဒေကို ၂ဝ၁၅ ခုနှစ် တွင်လည်းကောင်း၊ နည်းဥပဒေများကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် လည်းကောင်း အတည်ပြုပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် မသန်စွမ်းသူများ၏ မျှော်လင့်ချက် တစ်ခုဖြစ်သည့် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီကို ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၁၄ ရက်တွင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ အမိန့်ကြေငြာစာအမှတ် (၇ဝ/၂ဝ၁၇)ဖြင့် ဖွဲ့စည်းပေးခဲ့ပြီး ပထမအကြိမ် အစည်းအဝေးကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး ဖြစ်ပါကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်ကော်မတီနှင့် နေပြည်တော် ကော်မတီများ ဆက်လက်ဖွဲ့စည်းရန်၊ မသန်စွမ်းသူများ သွားလာရ လွယ်ကူစေရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားရန်၊ မသန်စွမ်းကလေးငယ်များ Free Education ခံစားရရှိစေရန် အတွက် ပညာရေး ဝန်ကြီးဌာနက ဆောင်ရွက်ရန် စသည့်ကိစ္စရပ်များကို ပထမ အကြိမ် အမျိုးသားကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်ချက်များ ချမှတ်နိုင်ခဲ့ခြင်း သည် မသန်စွမ်းသူများ၏ အခွင့်အရေးများ တိုးတက်ရရှိစေရန်အတွက် ကနဦး ခြေလှမ်းများဖြစ်သည်ဟု ယုံကြည်မိပါကြောင်း၊ ယင်းအစည်းအဝေး၏ ဆုံးဖြတ်ချက် များအရ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်ပါကြောင်း။

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်း ရေး၊ လုပ်ငန်းကော်မတီအောက်တွင် သက်ဆိုင်ရာဆပ်ကော်မတီများ ဖွဲ့စည်းရေးနှင့် Department for International Development (UK)၏ ပံ့ပိုးမှုနှင့်အတူ အမျိုးသား ကော်မတီအတွက် နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့ ဖွဲ့စည်းရေးတို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

မသန်စွမ်းသူများပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မသန်စွမ်းမှု အလိုက် လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်လျက်ရှိရာတွင် အမြင်အာရုံ မသန်စွမ်းသူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေရရှိမှု ရေရှည် တည်တံ့စေရန်အတွက် မျက်မမြင်အကြောပြင်အနှိပ်စနစ် ဖွံ့ဖြိုးတိုးတက်ရေး စီမံ ကိန်း၊ အကြားအာရုံမသန်စွမ်းသူများအတွက် သတင်းအချက်အလက်များ လက်လှမ်း မီ ရရှိနိုင်ရေးစီမံကိန်း၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအတွက် အသက်မွေးဝမ်းကျောင်း ဆိုင်ရာစီမံကိန်း၊ ဉာဏ်ရည်မသန်စွမ်းသူများနှင့်စပ်လျဉ်းပြီး အော်တစ်ဇင်ကလေးနှင့် ပုဂ္ဂိုလ်များ၊ ဒေါင်းဆင်ဒရုန်းကလေးနှင့် ပုဂ္ဂိုလ်များအတွက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း များကို နိုင်ငံတကာအဖွဲ့အစည်းများ၊ မသန်စွမ်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်နေသည်ကိုတွေ့ရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။

ထို့ပြင် မသန်စွမ်းသူများ၏ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ဥပဒေ ရေးရာ၊ မသန်စွမ်းမှုအသိပညာ၊ ရပ်ရွာအတွင်း ပါဝင်ဆောင်ရွက်ခွင့် စသည်တို့နှင့် ပက်သက်သည့် လုပ်ငန်းအစီအစဉ်များကိုလည်း နိုင်ငံတော်အစိုးရ၏ သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းအကောင်အထည်ဖော် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံအတွက် ကိုယ်ချင်းစာနာမှုနှင့် ကူညီရိုင်းပင်းမှုတို့က မွေးရာ ပါ အလေ့အကျင့်ကောင်းများဖြစ်သည်ဟု ဆိုနိုင်ပါကြောင်း၊ ယင်းအလေ့အကျင့် ကောင်းများကို ရရှိလာသည့် အတွေ့အကြုံ ဗဟုသုတများနှင့်ပေါင်းစပ်ပြီး မသန် စွမ်းသူများ၏ ဘဝဖွံ့ဖြိုးတိုးတက်မှုနှင့် အရည်အသွေးမြင့်မားရေးတို့ကို ဆောင်ရွက် သင့်ပါကြောင်း။

စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု မူဘောင်အဖြစ်အသုံးပြုနိုင်သည့် ၂ဝ၃ဝ ဖွံ့ဖြိုး တိုးတက်မှု အစီအစဉ်ကို ကမ္ဘာ့ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ ယင်း အထဲတွင်ပါသည့် ပန်းတိုင် (၁၇)ချက်ကို သက်ဆိုင်ရာဝန်ကြီးဌာနများက ပြည့်မီ အောင်ဆောင်ရွက်နိုင်ပါက မသန်စွမ်းသူများအပါအဝင် ထိခိုက်လွယ်သော အုပ်စုများ သာမက လူသားထုတစ်ရပ်လုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို ရရှိခံစားနိုင်မည်ဖြစ်ပါကြောင်း။

ယနေ့နိုင်ငံတော်သည် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုမြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာအစိုးရဌာန၊ အဖွဲ့အစည်းများ အနေဖြင့် မိမိတို့၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များတွင် မသန်စွမ်းသူများအတွက် ထည့်သွင်းစဉ်းစားပေးရေးနှင့် ပေါင်းစည်းပါဝင်နိုင်ရေးတို့ကို သေချာစေရေးအတွက် တိုက်တွန်း ပြောကြားလိုပါကြောင်း၊ ဒေသတစ်ခု(သို့မဟုတ်) နိုင်ငံတစ်ခု ဟန်ချက် ညီညီဖွံ့ဖြိုးတိုးတက်ရေးတွင် မည်သူတစ်ဦးတစ်ယောက်မျှ နောက်ကျကျန်ရစ် မနေ စေရန်မှာလည်း အရေးကြီးပါကြောင်း။

ယနေ့ ကမ္ဘာ့နိုင်ငံအများစုသည် စိန်ခေါ်မှုအများအပြားနှင့် ရင်ဆိုင်ကြုံ တွေ့နေရပြီး ယင်းစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရာတွင် ပူးတွဲဆောင်ရွက်ခြင်း၊ ပူးပေါင်း ကူညီခြင်းနှင့် ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို မိမိတို့နှင့်တန်းတူ လူသားမျိုးနွယ်ဝင် ဖြစ်သည်ကို အသိအမှတ်ပြုပြီး ၂ဝ၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ နေ့၏ ဆောင်ပုဒ်ဖြစ်သည့် “စဉ်ဆက်မပြတ်ဖွံ့ဖြိုးဖို့ ခံနိုင်စွမ်းသောလူ့ဘောင်သို့ အားလုံးပါဝင် ပြောင်းလဲစို့”ဟု ဆိုသည့်အတိုင်း လက်တွဲဆောင်ရွက်သွားကြရန် အလွန်အရေးကြီးကြောင်း တိုက်တွန်းပြောကြားလိုပါကြောင်း။

မသန်စွမ်းသူများအနေဖြင့်လည်း သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ အပါအဝင် ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး လုပ်ငန်းစဉ်များတွင် မိမိတို့ရရှိထားသည့် အသိပညာ၊ အတတ်ပညာ၊ နည်းပညာများကို အသုံးချပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်လည်း တိုက်တွန်းမှာ ကြားလိုပါကြောင်း။

မသန်စွမ်းမှုအကျုံးဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာရည်မှန်းချက် များအောင်မြင်ရန်၊ အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန်၊ သဘာဝဘေး လျော့ပါးရေးနှင့် အရေးပေါ်တုံ့ပြန်မှုများ ဆောင်ရွက်ရာတွင် မသန်စွမ်းသူများကို ချန်လှပ်မထားဘဲ ပူးပေါင်းပါဝင်စေခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားခြင်းများဆောင်ရွက်ပေးကြရန်၊ အတားအဆီးကင်းသော လုပ်ငန်း၊ အလုပ် နေရာ၊ ပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးပြီး ခေတ်မီနည်းပညာများ လက်လှမ်းမီ အသုံးပြုနိုင်အောင် ကူညီဆောင်ရွက်ပေးကြရန်၊ နေ့စဉ်နှင့်အမျှ အံ့မခန်းတိုးတက် နေသည့် အတတ်ပညာနှင့် ခေတ်မီနည်းပညာများကို မသန်စွမ်းသူများ လက်တွေ့ အသုံးချနိုင်အောင် ဆောင်ရွက်ပေးခြင်းဖြင့် မသန်စွမ်းသူများအတွက် သင့်လျော် သည့် ပတ်ဝန်းကျင်နှင့် အဆောက်အဦများ ဖြစ်လာအောင် ဆောင်ရွက်ပေးခြင်း အားဖြင့် မသန်စွမ်းသူများ၏ဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဆောင် ရွက်ကြရန် ပြောကြားသည်။

ထို့နောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းများ ပိုမိုအောင်မြင်ရန်အတွက် ကော်မတီများဖွဲ့စည်း ဆောင်ရွက်နေမှု၊ မသန်စွမ်းများအတွက် ဥပဒေ၊ နည်းဥပဒေ၊ မဟာဗျူဟာနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များချမှတ်ထားမှု၊ မသန်စွမ်းသူများ၏ ဘဝ ရပ်တည်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ ကျန်းမာရေးနှင့် အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်ကိုမြင့်က နိုင်ငံသားများနည်းတူ တန်းတူအခွင့်အရေးရရှိရန် ဆောင်ရွက်ပေးရေး၊ နိုင်ငံရေးနှင့် ပြည်သူ့နယ်ပယ်များတွင် ပါဝင်နိုင်ရေး၊ ပညာရေး၊ လူမှုရေးနယ်ပယ်များတွင် အပြည့် အဝ ခံစားခွင့်ရရှိရေး၊ ခွဲခြားဆက်ဆံမှုမရှိရေး၊ မူဝါဒပိုင်းနှင့် ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများ စတင်ချမှတ်ရေးစသည့် မသန်စွမ်းသူများ၏ အခွင့်အရေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ လုပ်ငန်းကော်မတီအစည်းအဝေး ဆုံးဖြတ် ချက်များနှင့် ကော်မတီ၏ရှေ့လုပ်ငန်းစဉ်တို့ကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူသည် အစည်းအဝေးသို့ တက်ရောက် လာကြသူများနှင့်အတူ စုပေါင်း၍မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

ယင်းနောက် အစည်းအဝေး ဒုတိယပိုင်းအစီအစဉ်ကို ဆက်လက်ကျင်းပရာ အစည်းအဝေးသို့ တက်ရောက်လာကြသော မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အဖွဲ့ဝင်များ၊ ဆက်စပ်ဌာနများမှ ဌာနဆိုင်ရာအကြီး အကဲများ၊ မသန်စွမ်းသူများ အသင်းချုပ်နှင့် မသန်စွမ်းသူများ အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် မသန်စွမ်းဆက်စပ် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက မသန်စွမ်းသူများ၏ အခွင့်အရေးများ၊ ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ လုပ်ငန်းလိုအပ်ချက်များနှင့် ပူးပေါင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များကို ဆွေးနွေး ခဲ့ကြသည်။