နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ရှမ်းပြည်နယ်အတွင်းရှိအုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်တို့မှတာဝန်ရှိသူများနှင့်တွေ့ဆုံ

Printer-friendly versionSend by email

 တောင်ကြီး၊ ဇူလိုင် ၉

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဒေါက်တာအောင်သူနှင့် ဦးသိန်းဆွေ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက် ၈ နာရီတွင် တပ်မတော်အထူးလေယာဉ်ဖြင့် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရှမ်းပြည်နယ် (တောင်ပိုင်း) ဟဲဟိုးလေဆိပ်သို့ရောက်ရှိကြရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ ဦးလှထွေး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ လွတ်တော်ကိုယ်စားလှယ်များ၊ တိုင်းရင်းသားရိုးရာ အကအဖွဲ့များနှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့ဝင်များသည် မော်တော်ယာဉ်များဖြင့် ခေတ္တ တည်းခိုမည့် တောင်ကြီးဟိုတယ်သို့ ရောက်ရှိကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်နယ်အစိုးရ၊ ပြည်နယ် တရားလွှတ်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ဝင်များ၊ ပြည်နယ် လွှတ်တော်နှင့် ပြည်နယ်၊ခရိုင်နှင့် မြို့နယ်များမှဌာနဆိုင်ရာတာဝန်ရှိသူများ တွေ့ဆုံပွဲ အခမ်းအနားသို့ တက် ရောက်သည်။

အခမ်းအနားတွင် နိုင်ငံတော်သမ္မတက နိုင်ငံတော်အစိုးရ က ဆောင်ရွက် နေသည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တိုးတက်မှုအခြေအနေများကို ပကတိအခြေအနေ မှန်များနှင့် အရှိတရားအတိုင်းသိရှိနိုင်ရန်နှင့် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့်တိုးမြှင့်နိုင်ရန် လာရောက် ရခြင်းဖြစ် ပါကြောင်း။

ခေတ်ဟောင်းစနစ်ဟောင်းမှ ခေတ်သစ်စနစ်ကိုပြုပြင်ပြောင်းလဲနိုင်ရန် ရှားပါးသည့် အခွင့်အရေးများကို ရရှိနေပါကြောင်း။ သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးက လိုက်ပါ ပြုပြင်ပြောင်းလဲမှသာ ပြောင်းလဲမှုအောင်မြင်မည်ဖြစ်ပါကြောင်း။ လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နေသူများသည် ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိ သူများဖြစ်ပါကြောင်း။ ဝန်ထမ်းဆိုသည်မှာ နိုင်ငံတော်၏ ရသုံးခန့်မှန်းခြေငွေစာရင်းမှ ကျခံသုံးစွဲသည့် လစာ၊ ချီးမြှင့်ငွေနှင့် အခြားခံစားခွင့်များကို ခံစားကြရပါကြောင်း၊ အဆိုပါ ဝန်ထမ်းများတွင် အခွင့်အရေးနှင့် တာဝန်ယူမှုများရှိပါကြောင်း၊ နိုင်ငံဝန်ထမ်းများတွင် မိမိနှင့်ထိုက်တန်သည့်အခွင့်အရေးများကို မှန်မှန်ကန်ကန်မျှမျှတတ သုံးစွဲရန်ရှိသကဲ့သို့ ပြည်သူလူထု၏တာဝန်များကို ကျေပွန်စွာထမ်းဆောင်ရန်လိုအပ်ပါကြောင်း။ နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများကို လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြ ရမည်ဖြစ် ပါကြောင်း။ အဆိုပါမူဝါဒများကို ဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီး နှင့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍများတွင်ပါဝင်ဆောင်ရွက်နေကြ သူများ တာဝန်ယူ ဆောင်ရွက်နေကြသူများအနေဖြင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။ ထိုသို့အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် မိမိတို့၏လုပ်ပိုင်ခွင့် များကို လွဲမှားစွာအသုံးချခြင်းမပြုဘဲ ပြည်သူ့တာဝန်ကိုထမ်းဆောင်ရန် လက်ရှိနေရာဌာန များသို့ ရောက်ရှိနေခြင်း ဆောင်ရွက်နေရခြင်းဖြစ်သည်ကို သိမြင်ကြစေလိုပါကြောင်း။ ပြည်သူ့ တာဝန်ကျေပွန်စွာထမ်းဆောင်ကြရမည်ဖြစ်သကဲ့သို့ နိုင်ငံတော်၏ ကျေးဇူးသစ္စာ ခံယူပြီး တည်ဆဲဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များကို လေးစားလိုက်နာကြရမည်ဖြစ်ပါကြောင်း။ အလားတူ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများ၏ စည်းမျဉ်းစည်းကမ်းများကိုလည်းဂရုပြုဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့ပြင် မိမိတို့၏ ဆောင်ရွက်ချက်တိုင်းသည်လည်း နိုင်ငံတော်နှင့် နိုင်ငံသူ နိုင်ငံ သားများ၏ အကျိုးစီးပွားကို ဦးတည်ကြရမည်ဖြစ်ပါကြောင်း။ နိုင်ငံတော်၏ဘဏ္ဍာငွေများ မလေမလွင့်မဆုံးရှုံးစေရန် ဂရုပြုကြရမည်ဖြစ်ပြီး နိုင်ငံပိုင်ပစ္စည်းများအလွဲသုံးစားမလုပ်ကြ စေရန်အထူးသတိချပ်ရ မည်ဖြစ်ပါကြောင်း၊ ပြည်သူကိုဗဟိုပြု ပြည်သူကိုမျက်နှာမူ၍ တာဝန်ထမ်း ဆောင်ကြ စေလိုပါကြောင်း။ ပြည်သူကိုဖိနှိပ်ချုပ်ချယ်သည့် ပြည်သူကို ညှင်းပန်းနှိပ်စက်သည့် ယန္တရားအဖြစ်မဆောင်ရွက်စေလိုပါကြောင်း။ ပြည်သူကို တန်ဖိုး ထားလေးစား၍တရား ဥပဒေများနှင့်အညီမှန်ကန်စွာဆောင်ရွက်ကြစေလိုပါကြောင်း။ နိုင်ငံ ရေးတရားမျှတမှု၊ စီးပွားရေးတရားမျှတမှု၊ လူမှုရေး တရားမျှတမှု၊ အခွင့်အလမ်းညီမျှမှု၊ အဆင့်အတန်း ညီမျှတမှုနှင့် ဥပဒေအရာတွင် ညီမျှမှုများ ရှိစေလိုပါကြောင်း။

တရားစီရင်ရေးကဏ္ဍတွင် ပြည်ထောင်စုတရားသူကြီးချုပ်မှစတင်၍ တရားသူကြီး အဆင့်ဆင့်၏ ကြပ်မတ်ထိန်းသိမ်းကွပ်ကဲမှုများဖြင့် ဆောင်ရွက်နေပါကြောင်း။ တာဝန်ယူမှု တာဝန်ခံမှုများဖြင့်ဆောင်ရွက်ကြရာတွင် အဂတိတရားကင်းစင်သည့် တရားစီရင်ရေးကဏ္ဍ ဖြစ်စေလိုပါကြောင်း။ အဂတိတရားကင်းစင်သည့်တရားစီရင်ရေးနှင့် ဘက်လိုက်မှုကင်း သည့် တရားစီရင်ရေးဖြစ်မှသာ တရားဥပဒေစိုးမိုးရေး ၊ ဥပဒေနှင့်အညီဆောင်ရွက်ရေးနှင့် ခွဲခြားဆက်ဆံမှုမရှိကြဘဲ တရားဥပဒေ၏ရှေ့မှောက်တွင်အညီအမျှဖြစ်ကြမည်ဖြစ်ပါ ကြောင်း။ ထိုသို့သောအခြေအနေများရောက်ရှိရန် အားလုံးဝိုင်းဝန်းထိန်းသိမ်းကြပ်မတ် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။ သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်းအသီးသီးအနေ ဖြင့်လိုက်ပါပြောင်းလဲခြင်းမရှိလျှင် ပြုပြင်ပြောင်းလဲရေးသည် တုန့်ဆိုင်းနေမည်ဖြစ်ပါ ကြောင်း၊ ပြုပြင်ပြောင်းလဲမှုကိုကြောက်နေလျှင်ဖွံ့ဖြိုးတိုးတက်မှုမရရှိနိုင်ပါကြောင်း၊ ပြောင်း လဲနေသည့်ရေစီးကြောင်းတွင် ခေတ်နှင့်အညီမပြောင်းလဲနိုင် အကောင်အထည်မဖော်နိုင် ပါက ပြုပြင်ပြောင်းလဲရေးပန်းတိုင်သို့မရောက်ရှိနိုင်ပါကြောင်း။ မိမိတို့၏ပြုပြင် ပြောင်းလဲနိုင်စွမ်းကို သုံးသပ်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၏အနာဂါတ် ကိုပုံဖော် တည်ဆောက်ကြရာတွင်ပြုပြင်ပြောင်းလဲမှုများကို မနှောင့်နှေးစေလိုပါကြောင်း။ နိုင်ငံတော် ဘတ်ဂျက်အခြေအနေအရနိုင်ငံ ဝန်ထမ်းများအား ထိုက်သင့်သည့်လစာနှုန်းထားများ တိုးမြှင့်ခဲ့ပါကြောင်း။ မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းသူများကို ချီးမြှင့်ငွေများပေးနိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ပြုပြင်ပြောင်းလဲလိုသည့် စိတ်ဖြင့်ပူးပေါင်းပါဝင်ဆောင်ရွက် ကြရန်လိုအပ်ပါကြောင်း။

နိုင်ငံဝန်ထမ်းများအနေဖြင့် မိမိတို့၏ကျရာတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ တာဝန်ကိုကျေပွန်စွာထမ်းဆောင်ခြင်း သည်မိမိတို့၏ ဂုဏ်သိက္ခာကို တိုးတက်စေပါကြောင်း၊ တာဝန်ကျေပွန်သည့် ဝန်ထမ်းများကို အခွင့်အလမ်းများက အသင့်စောင့်နေပါကြောင်း၊ တိုင်းပြည်ကမိမိတို့ကို ဘာလုပ်ပေး နိုင်သလဲဟု တောင်းဆိုနေသည်ထက် မိမိတို့က တိုင်းပြည်ကို ဘာလုပ်ပေးနိုင်မလဲဟု တောင်းဆိုသည်က ပို၍ နည်းလမ်းကျပါကြောင်း၊ ဒေသ၏ ပကတိ အခြေအနေမှန်များနှင့် အရှိတရားများကို ပွင့်လင်းမြင်သာစွာရှင်းလင်းတင်ပြ စေလိုပါ ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးလင်းထွဋ် က ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဒေသဖွံ့ ဖြိုးရေးလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင် က လွှတ်တော်ရေးရာလုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးကြွယ်ကြွယ် က တရားလွှတ်တော်လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်းရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက် နေပါကြောင်း။ အဂတိတရားကင်းရှင်းရေးကိုလည်း ထိရောက်စွာကိုယ်တွယ်ဆောင်ရွက် နိုင်ရန်ကြိုးပမ်းဆောင်ရွက်နေပါကြောင်း။ သိမ်းဆည်းခံလယ်ယာ မြေများနှင့်စပ်လျဉ်း၍ မည်သို့စွန့်လွှတ်ရမည်ကို မူဝါဒများ ချမှတ်ပေးထားပြီးဖြစ်ပါကြောင်း၊ အဆိုပါမူဝါဒများနှင့် အညီ လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ မစွန့်လွှတ်သေး သည့်မြေများကို အမြန်ဆုံးစွန့်လွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ စွန့်လွှတ်ပြီးသည်မြေများကို ဥပဒေနှင့်အညီ တရားဝင်ပြန်လည်လုပ်ပိုင်ခွင့်ပေးရန် လိုအပ်ပါကြောင်း။ တရားမျှတမှုသည်လူ့အသိုင်း အဝိုင်း လူ့အဖွဲ့အစည်းခိုင်မာရေး အတွက်အခြေခံကျပါကြောင်း၊ တရားမျှတမှုရရှိခြင်းသည် ဒီမိုကရေစီနိုင်ငံတော်တည် ဆောက်ခြင်းဖြစ်ပါကြောင်း။ တင်ဒါများခေါ်ယူဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်း စည်းကမ်းများနှင့် အညီခေါ်ယူဆောင်ရွက်စေလို ပါကြောင်း။

နိုင်ငံသူနိုင်ငံသားများအကျိုးသယ်ပိုးဆောင်ရွက်ရာတွင် အတ္တကိုသာ ရှေ့တန်းမတင်ကြဘဲအများ အကျိုးအတွက် နိုင်ငံတော်အတွက် ဦးတည်ဆောင်ရွက် စေလိုပါကြောင်း။ တရားမျှတမှုရှိရန် အားလုံးတွင်တာဝန်ရှိပါကြောင်း၊ တရားမျှတမှုကို ကောင်အထည်ဖော်နိုင်မှသာ စည်းလုံး ညီညွတ်ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်း ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ပါကြောင်း။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည် ဆောက်မည်ဆိုပါက မိမိတို့ကျရာအခန်းကဏ္ဍမှ ဒီမိုကရေစီဖက်ဒရယ်အလင်း ရောင်ပေးကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံတော်၏ အနာဂါတ်ထွန်းလင်းတောက်ပပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် တာဝန်ရှိသူ များအနေဖြင့်မှတ်ကျောက်တင်နိုင်ရန်ကြိုးပမ်းသွားကြရ မည်ဖြစ်ပါကြောင်း ပြောကြား သည်။

ထို့နောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့သည် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံ (၄)ထပ်ဆောင်တည်ဆောက်ရေးလုပ်ငန်းရှင်းလင်းဆောင်သို့ ရောက်ရှိကြ ရာအဆောက်အဦဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (တည်ဆောက်ရေး) ဦးမြင့်ဇော် က ဆေးရုံဆောက်လုပ် ခြင်းလုပ်ငန်းစီမံချက်နှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း က ဆေးရုံ အဆောက်အဦးအတွင်း ထည့်သွင်းတည်ဆောက်မည့် အခြေအနေများကိုလည်းကောင်း ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးကျော်သီဟ က အဆောက်အဦ၏ အရည်အသွေးဆိုင်ရာများကို လည်းကောင်းရှင်းလင်းတင်ပြကြသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့ ဘဏ္ဍာများလေလွင့်ဆုံးရှုံးမှုမရှိစေရန်ဆောက်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။ ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ မှန်မှန်ကန်ကန်ဆောင်ရွက်သွားကြစေလိုပါကြောင်း။ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပိုမိုပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားစေလိုပါကြောင်း။ သတ်မှတ်ကာလအတွင်းပြီးစီးအောင်ဆောင်ရွက်သွားစေလိုပါကြောင်း။ အဆောက်အဦကို ရေရှည်တည်တံ့ခိုင်မြဲစေရန် ဦးစားပေးတည်ဆောက်သွားကြရမည်ဖြစ် ပြီး အရည်အသွေး ထိန်းသိမ်းမှုကို ပြင်ပ ပညာရှင်များဖြင့် ပွင့်လင်းမြင်သာစွာဆောင်ရွက် သွားစေလိုပါကြောင်း မှာကြားသည်။

ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့် အဖွဲ့သည် တောင်ကြီးမြို့စပ်စံထွန်းဆေးရုံ (ခုတင် - ၅၀၀ )သို့ရောက်ရှိပြီး ကင်ဆာရောဂါဓါတ်ရောင်ခြည်ကုသဆောင်အားလှည့်လည် ကြည့်ရှုကာ ဆေးကုသမှုခံယူနေကြသူများအား ထောက်ပံ့ငွေများပေးအပ်လှူဒါန်းသည်။

ထို့နောက် နိုင်ငံတော်သမ္မတသည် စပ်စံထွန်းဆေးရုံကြီး အစည်းအဝေး ခန်းမ၌ ဆေးရုံရိုကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံစဉ် စပ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာအောင်ငွေစံ က ဆေးရုံကြီးဆိုင်ရာ အချက်အလက်များနှင့် ဆေးကုသမှုဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည့်ဝခိုင်မာကုမ္ပဏီလီမိတက် တာဝန်ခံအင်ဂျင်နီယာ ဦးမျိုးမင်းထွန်း က တောင်ကြီးမြို့စပ်စံထွန်းဆေးရုံ တိုးချဲ့ (၅)ထပ်လူနာဆောင်တည်ဆောက်နေမှုများနှင့် တည်ဆောက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ပြည်သူများကျန်းမာမှသာ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း။ စေတနာ မေတ္တာများဖြင့် ပြုစုကုသပေးကြစေလိုပါကြောင်း။ ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံများတွင် ပညာရေးနှင့်ကျန်းမာရေး ကဏ္ဍများကို အထူးဦးစားပေးရင်းနှီးမြှုပ်နှံ ဆောင်ရွက်နေကြပါကြောင်း။ ကျန်းမာရေးစောင့် ရှောက်မှုများကိုအထူးအလေးထားဆောင်ရွက်သွားကြစေလိုပါကြောင်း၊ တိုးချဲ့လူနာ ဆောင် တည်ဆောက်ရာတွင် တည်ဆောက်မှုအရည်အသွေးကို ပြင်ပ ပညာရှင်များဖြင့် ကြပ်မတ်ဆောင်ရွက်သွားစေလိုပါကြောင်း၊ ပြည်သူ့ ဘဏ္ဍာများလေလွင့်ဆုံးရှုံးမှုမရှိစေရန် နှင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်အထူးအလေးထား ကြပ်မတ်ဆောင်ရွက်သွားကြရမည်ဖြစ် ပါကြောင်း မှာကြားသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် စပ်စံထွန်းဆေးရုံ ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုးသည်။