ဒုတိယသမ္မတ ဦးမြင့်ဆွေ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂ဝ၁၈ ခုနှစ်၊ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး တက်ရောက်

Printer-friendly versionSend by email

 

နေပြည်တော် ဇူလိုင် ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ၂ဝ၁၈ ခုနှစ်၊ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ ဦးစီးကော်မတီဝင်များဖြစ်ကြသည့် ပြည်ထဲရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်မောင်မောင်၊ လုပ်ငန်း ကော်မတီဝင်များ၊ ဆပ်ကော်မတီ (၁ဝ)ခုမှ ကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဦးစီးကော်မတီနာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် နိုင်ငံတော်သမ္မတရုံး၏ ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၁၁ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၄၄/၂ဝ၁၈ ဖြင့် “ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပရေး ဦးစီး ကော်မတီ” ကို (၁၁)ဦးဖြင့်လည်းကောင်း၊ “ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပရေး လုပ်ငန်းကော်မတီ” ကို (၁၇)ဦးဖြင့် လည်းကောင်း ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းတာဝန် (၄)ရပ် ချမှတ်ပေးထားပါကြောင်း။

ဦးစီးကော်မတီ၏ လမ်းညွှန်မှာကြားချက်များကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ရေးနှင့် ဌာနများအချင်းချင်း ပေါင်းစပ်နိုင်ရေးအတွက် ဦးစီးကော်မတီမှ ဆပ်ကော်မတီ (၁ဝ)ခုကို လုပ်ငန်းတာဝန်များချမှတ်ကာ ဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း။

ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကျင်းပရေးလုပ်ငန်းကော်မတီ၏ ညှိနှိုင်း အစည်းအဝေးကို ၂ဝ၁၈ ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေး ဆုံးဖြတ်ချက် (၂၄)ချက်ချမှတ်ကာ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေသည်ကို သိရှိရပါကြောင်း။

ဗုဒ္ဓဘုရားရှင်လက်ထက် ဗုဒ္ဓသာသနာတော်အစောပိုင်းကာလတွင် ဘုရားရှင်က ရဟန်း သံဃာတော်များအား သုံးထည်သော သင်္ကန်းကိုသာ ဝတ်ရုံသုံးစွဲရန် ခွင့်ပြုခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိုးတွင်းကာလ ဝါဝင်ခါနီးအချိန်တွင် မိုးရွာထဲ မိုးမိလာသော ရဟန်းသံဃာများ ရေစိုသင်္ကန်းကို လဲဝတ်ရန် အပိုသင်္ကန်းမရှိသဖြင့် အဆင်ပြေစေရန်အတွက် သာဝတ္ထိပြည် ပုဗ္ဗာရုံကျောင်းအမကြီး ဝိသာခါက ဘုရားရှင်ထံ “မိုးရေခံသင်္ကန်း” ဆက်ကပ်လှူဒါန်းခွင့် လျှောက်ထားရာမှ မိုးရေခံသင်္ကန်းသုံးစွဲခွင့်ကို ဘုရားရှင်က ဝိနည်းတော်နှင့်အညီ ခွင့်ပြုပေးခဲ့ သဖြင့် ဝါဆိုလတွင် ရဟန်းတော်များအား ကပ်လှူသည့် သင်္ကန်းဖြစ်သည့်အတွက် “ဝါဆိုသင်္ကန်း” ဟု အခေါ်အဝေါ် ပြောင်းလဲဆင်းသက်လာပြီး ဝါဆိုသင်္ကန်း လှူဒါန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဝါဆိုလပွဲတော်တစ်ခု ဖြစ်လာခဲ့ပါကြောင်း။

ဘုရားရှင်ခွင့်ပြုခဲ့ပြီး ဝိနည်းတော်နှင့်အညီ လှူဒါန်းခွင့်ရသည့် သင်္ကန်းလှူဒါန်းမှု ဖြစ်သည့်အတွက် မွန်မြတ်သောအလှူဟု ခေါ်ဆိုရမည်ဖြစ်ပါကြောင်း၊ သင်္ကန်း လှူဒါန်းကြရသူများ အဖို့ ထူးခြားသော အကျိုးထူးများ ခံစားရရှိနိုင်ပြီး သောတာပန်နှယ် ဂုဏ်ရည်ကြွယ်၍ အပါယ်ဘေးမှ လွတ်နိုင်ကြောင်းကို ကျမ်းဂန်အဆိုအမိန့်များအရ သိရှိရပါကြောင်း။

ယခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီး (၄၇)ပါး၊ တိပိဋကဓရ တိပိဋက ကောဝိဒ ဆရာတော်ကြီး (၁ဝ)ပါး၊ စေတိယဟိတကာရက ဆရာတော် (၁)ပါး၊ ဥပ္ပါတသန္တိ စေတီတော် ဂေါပကအဖွဲ့ သြဝါဒါစရိယဆရာတော် (၁၁)ပါး၊ စုစုပေါင်း (၆၉)ပါးအား ဖိတ်ကြားပင့်ဆောင်သွားမည်ဖြစ်ပါကြောင်း။

အခမ်းအနားသို့ ကြွရောက်လာမည့် ဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ရာတွင် အဆင်ပြေချောမွေ့စေရေး၊ သီတင်းသုံးမည့် ကျောင်းဆောင် (၄)ဆောင်တွင် ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာနှင့် သီတင်းသုံးနေထိုင်နိုင်ရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက် ပေးနိုင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းသပ်ရပ်တင့်တယ်စေရေးတို့ကို ယခင်နှစ်များနည်းတူ စီစဉ်ပေးရန် လိုအပ်ပါကြောင်း။

ထို့အပြင် ဆရာတော်ကြီးများအတွက် ဆွမ်းနှင့် လူပုဂ္ဂိုလ်များအတွက် အစားအသောက် များ ချက်ပြုတ်ပြင်ဆင်ရာတွင် ကျန်းမာရေးနှင့် ညီညွတ်စေရေး စနစ်တကျ ကြပ်မတ် ဆောင်ရွက် သွားရန် လိုအပ်ပါကြောင်း၊ ကျန်းမာရေးဆပ်ကော်မတီ အနေဖြင့် ဆရာတော်ကြီးများအား ကျန်းမာရေးစစ်ဆေးပေးရန်လည်း လိုအပ်ပါကြောင်း။

အခမ်းအနားကျင်းပနေပုံများကို ယခင်နှစ်များကဲ့သို့ LED Board တပ်ဆင်ပြသနိုင်ရေး အတွက် စီစဉ်ဆောင်ရွက်ပေးရန်နှင့် နှစ်စဉ်ကျင်းပပြုလုပ်နေကြဖြစ်၍ ကော်မတီ၊ ဆပ်ကော်မတီ များအနေဖြင့် ယခင်နှစ်များက ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံများ ပေါ်မူတည်၍ ယခုနှစ် တွင် အကောင်းဆုံးဖြစ်အောင် ကြိုးစားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား သည် နိုင်ငံတော်အဆင့် အခမ်းအနားဖြစ်သည့်အတွက် လုပ်ငန်းများ ဆောင်ရွက် သည့် နေရာတွင် လစ်ဟင်းမှုမရှိစေရေးအတွက် သက်ဆိုင်ရာ ဆပ်ကော်မတီ များအလိုက် စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပေါင်းစပ်ညှိနှိုင်းခြင်းတို့ကို အလေးထား ဆောင်ရွက်ရန် ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးစီးကော်မတီ အတွင်းရေးမှူးတို့က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနား ကျင်းပရေးအတွက် ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုများနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်း တင်ပြကြသည်။

ဆက်လက်၍ အခမ်းအနားကျင်းပရေးနှင့် အခမ်းအနားပြင်ဆင်ရေးဆပ်ကော်မတီ၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆပ်ကော်မတီ၊ သံဃာတော်များ ပင့်ဆောင်ရေး နှင့် သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီ၊ ဆွမ်းဆက်ကပ်ရေးနှင့် ဧည့်ခံ ကျွေးမွေးရေး ဆပ်ကော်မတီ၊ လှူဖွယ်ပစ္စည်းများပြင်ဆင်ရေးနှင့် ဆက်ကပ်ရေး ဆပ်ကော်မတီ၊ ဧည့်ခံဖျော်ဖြေရေး ဆပ်ကော်မတီ၊ သတင်းမှတ်တမ်းထုတ်ပြန်ရေးဆပ်ကော်မတီ၊ ကျန်းမာရေး ဆပ်ကော်မတီ၊ ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီး စိမ်းလန်းစိုပြေရေးနှင့် သာသနာရေးဆိုင်ရာ အခင်းအကျင်းပြင်ဆင်ရေး ဆပ်ကော်မတီနှင့် လုံခြုံရေး ဆပ်ကော်မတီတို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြ ကြသည်။

ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ ဦးစီးကော်မတီ နာယက ဒုတိယသမ္မတ ဦးမြင့်ဆွေက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကား ပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။