ဒုတိယသမ္မတ ဦးမြင့်ဆွေ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ ပြန်ကြားရေး ဌာန ဝန်ကြီး H.E. Mr. Huang Kunming ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Printer-friendly versionSend by email

နေပြည်တော် ဇူလိုင် ၈

ဒုတိယသမ္မတ ဦးမြင့်ဆွေသည် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ပြန်ကြားရေးဌာန ဝန်ကြီး H.E. Mr. Huang Kunming ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေ ၆ နာရီ ၄၅ မိနစ်တွင် နေပြည်တော် ဟိုတယ်ဇုန်ရှိ ရွှေစံအိမ်ဟိုတယ်၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ကူညီပေးနေမှု အခြေအနေ၊ မြန်မာနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား မီဒီယာကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များနှင့် ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးကဏ္ဍတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ အပြည်ပြည် ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတသည် ဧည့်သည်တော် တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျူရိုအဖွဲ့ဝင်၊ အတွင်းရေးမှူးချုပ်ရုံး၏ အတွင်းရေးမှူးနှင့် ဗဟိုကော်မတီ၏ပြန်ကြားရေး ဌာနဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ရွှေစံအိမ်ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။