ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ စတုတ္ထအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော်၊ ဇွန် ၂၉

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ (National Road Safety Council – NRSC)၏ စတုတ္တအကြိမ် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဥက္ကဌ ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကားပြောကြားသည်။

အစည်းအဝေးသို့ အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီ ကောင်စီဝင် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဌ၊ ရန်ကုန်နှင့် မန္တလေးမြို့ တော်ဝန်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ကြီးများ၊ ဆပ်ကော်မတီအတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက အမျိုးသားယာဉ်အန္တရာယ်၊လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီ(NRSC)၏ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်း စဉ်များသည် နိုင်ငံတော်အတွက် အရေးပါသကဲ့သို့ပြည်သူလူထုအသက်အန္တရာယ်လုံခြုံမှု နှင့်ဘေးအန္တရာယ် ကင်းရှင်းမှုအတွက် အထူးအလေးထားဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ ဖြစ်ပါကြောင်း။

NRSC၏ ဦးဆောင်မှု၊ သက်ဆိုင်ရာအဖွဲ့များ၏ ပူးပေါင်းစစ်ဆေးကြပ်မတ် ဆောင်ရွက်ခဲ့မှုများ ကြောင့် ၂၀၁၈ ခုနစ် သင်္ကြန်ပွဲတော်ကာလများအတွင်း ယာဉ်မတော် တဆဖြစ်ပွားမှု၊ ထိခိုက်ဒဏ်ရာရမှုနှင့် သေဆုံးမှုများလျော့နည်းကျဆင်းခဲ့သည်ကို တွေ့ရပါ ကြောင်း၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဆိုသည်မှာ ကြိုတင်မမြင်မသိနိုင်သော်လည်း ကြိုတင် သတိပြုလိုက်နာ ကာကွယ်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်ဖြစ်ပါကြောင်း။

ယာဉ်မောင်းသူများနှင့် လမ်းအသုံးပြုသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများကို လိုက်နာသတိပြုဆောင်ရွက်ကြ မည်ဆိုလျှင် ပြည်သူများ၏အသက်အိုးအိမ်၊ စည်းစိမ်ဆုံးရှုံးမှုများနှင့် ကိုယ်လက်အင်္ဂါချို့ယွင်းမှုများ သိသာစွာလျော့နည်းကျဆင်းသွား မည်ဖြစ်ပါကြောင်း၊ တတ်ကျွမ်းနားလည်ပြီးအသိ၊ ခံယူချက်မှန်ကန်စွာဖြင့် စည်းကမ်း လိုက်နာသည့် ယာဉ်မောင်းများ ပေါ်ထွက်လာစေရန်သက်ဆိုင်ရာဌာနများအနေဖြင့် စနစ် တကျထိန်း ကျောင်းကြပ်မတ်ပေးရန် လိုအပ်သည့်အပြင် ပုဂ္ဂလိကယာဉ်မောင်း အတတ် သင်ကျောင်းများ အနေဖြင့်လည်း ပြည့်စုံကောင်းမွန်သည့်သင်ရိုးညွှန်းတမ်းများ၊ အရည်အချင်း ပြည့်ဝပြီး အမှန်တကယ်တတ်ကျွမ်းနားလည်သည့် ယာဉ်မောင်းနည်းပြ များ၊ စာတွေ့လက်တွေ့ သင်ထောက်ကူပစ္စည်းများနှင့်အတူ ယာဉ်စည်းကမ်း၊ လမ်းစည်း ကမ်းများကို စနစ်တကျစွဲမြဲနားလည်လိုက်နာတတ်စေရန် အလေးထား သင်ကြားလေ့ကျင့် ပေးရေးကိုလည်း တွန်းအားပေးဆောင်ရွက်ကြစေလိုပါကြောင်း။

ထိုသို့ ဆောင်ရွက်ကြရာတွင် NRSCက သတ်မှတ်ခဲ့သည့် သင်ရိုးများ၊ သင်တန်းကျောင်း တစ်ကျောင်းတွင် ရှိရမည့် နေရာအနေအထား၊ လေ့ကျင့်သင်ကြားရာ တွင် ရှိသင့်သည့် မော်တော်ယာဉ် အရေအတွက်နှင့် နည်းပြ အရည်အချင်းများကို သတ်မှတ်ပြဌာန်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း၊အသစ်ပြဌာန်းခဲ့သည့် သင်တန်း ကျောင်းသတ် မှတ်ချက်များနှင့် ပြည့်စုံညီညွတ်သည့် ယာဉ်ငယ်မောင်းသင်တန်းကျောင်း များနှင့် ယာဉ်ကြီးမောင်းသင်တန်းကျောင်းများ ဖွင့်လှစ်နိုင်ခဲ့သည်ကိုတွေ့ရှိရပါကြောင်း။

အချက်ပြမီးမှားယွင်းစွာ အသုံးပြုနေမှုများနှင့်ပတ်သက်၍ အချက်ပြမီးစနစ် အမှန် ပြောင်းလဲကျင့် သုံးနိုင်စေရေး အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အချက်ပြ မီးအမှန် အသုံးပြုခြင်းကို ယာဉ်မောင်းအများစု ပြောင်းလဲလိုက်နာ ကျင့်သုံးခဲ့ကြသည်ကို သိရှိရပါကြောင်း၊ ယာဉ်မောင်းအားလုံး အသိစိတ်ဓါတ်ရှိရှိပူးပေါင်းပါဝင်ပြီး အမှန်ကို ပြောင်းလဲ လက်ခံကျင့် သုံးလာစေရန်နှင့် အချက်ပြစနစ်အသုံးပြုမှုအမှားများပပျောက် သွားစေသည်အထိ အသိပညာပေးမှုများကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။

မော်တော်ဆိုင်ကယ်များကို အားထားအသုံးပြုနေကြသည့် ပြည်သူအများစု အသက် အန္တရာယ်လုံခြုံမှုအတွက် အရည်အသွေးပြည့်မီသည့် ဆိုင်ကယ်စီးဦးထုပ်ဆောင်းရေးဆို သည့်အချက်သည် NRSC Action Plan ၏ ရည်မှန်းချက်များကို အောင်မြင်နိုင်စေမည့် အဓိက အခန်းကဏ္ဍတစ်ရပ်ဖြစ်ပါကြောင်း၊ အရည်အသွေးပြည့်မီသည့် မော်တော်ဆိုင် ကယ်စီးဦးထုပ်ဟူသည့် စံသတ်မှတ်ချက်များနှင့် စံချိန်စံညွှန်းများတိတိကျကျ သတ်မှတ် ပြဌာန်းထားခြင်းများ မရှိသေးသည့်အတွက်NRSCကဦးဆောင်၍ ပြည်ပကျွမ်းကျင်ပညာရှင် များကို ဖိတ်ခေါ်ပြီးThe Developmentof Myanmar Motorcycle Safety Helmet Standard Workshopကို မြန်မာနိုင်ငံတွင်ကျင်းပနိုင်ရန် ညှိနှိုင်းဆွေးနွေး ဆောင်ရွက် နေကြပါကြောင်း၊ စံသတ်မှတ်ချက်တစ်ခုပြဌာန်းရာတွင် မိမိနိုင်ငံနှင့်ကိုက်ညီပြီး လူတိုင်း လက်လှမ်း မီအသုံးပြုနိုင်ရန်နှင့် လုံခြုံမှု(Safety) အတွက်ယုံကြည်စိတ်ချရမှုရှိစေရန် ထည့်သွင်းစဉ်းစား ဆောင်ရွက်စေလိုပါကြောင်း ၊ ထို့ပြင် Suu Foundation High Level Pannelက ထောက်ခံအကြံပြုထားသည့် Road Safetyဆိုင်ရာအကြံပြုချက်များသည် ရေရှည်လုပ်ငန်းစဉ်အနေဖြင့် စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များဖြစ်သည့်အတွက် သက်ဆိုင်ရာ ဆပ်ကော်မတီများနှင့်ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံနှင့်ပြည်သူ အကျိုးစဉ်ဆက်မပြတ် တိုးတက်မှုရှိနေစေရန် ရည်မှန်းအလေး ထားဆောင်ရွက်သွားကြရန်တိုက်တွန်းမှ ကြားလိုပါကြောင်း။

ADB ၏ TA-8987 Project အရယာဉ်တိုက်ခိုက်မှုကိန်းဂဏန်း အချက်အလက်များ အလွယ်တကူဆန်းစစ်တွက်ချက်ရယူနိုင်ရန် Road Crash Data Base Software ကူညီပေးမှုကို မကြာမီစတင် စမ်းသပ်အသုံးပြုနိုင်တော့မည်ဖြစ်ပါကြောင်း၊ နိုင်ငံအနှံ့ ကျေးလက်ဒေသ နယ်စွန်နယ်ဖျားများ အထိလွှမ်းခြုံသက်ရောက်မှုရှိသည့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေဖြင့် အဆိုပါ Road Crash Data Base Software ကိုအသုံးပြု၍ တိကျမှန်ကန်သည့် ယာဉ်တိုက်ခိုက်မှုဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ စုစည်း ပေးနိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ ယာဉ်တိုက်မှုဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များ ပြည့်စုံတိကျမှန်ကန်မှုရှိရန်နှင့် မြေပြင်အမှန်အတိုင်းအတိ အကျဖြစ်စေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

NRSC မှ ချမှတ်ထားသည့် လုပ်ငန်းအစီအမံများကို ဆပ်ကော်မတီအသီးသီး အပါ အဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် NRSC များအနေဖြင့် စဉ်ဆက်မပြတ် အကောင်အ ထည်ဖော် ဆောင်ရွက်လျှက်ရှိနေကြရာ ပိုမိုထိရောက်သည့် အောင်မြင်မှုများ ရရှိရန်နှင့် ပြည်သူ လူထု၏အသက်အိုးအိမ်စည်းစိမ်များကို ပိုမိုတိုးမြှင့်ကာကွယ်ပေးနိုင်ရန် ဆက်လက်ကြိုးပမ်းေ ဆာင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ NRSC အနေဖြင့်National Road Safety Action Planနှင့်အညီလုပ်ငန်းအစီအမံများကို သုံးသပ်ချမှတ် ဆောင်ရွက် လျက်ရှိသကဲ့သို့ လက်တွေ့အမှန်တကယ်ပြည်သူနှင့် ထိတွေ့ဆက်ဆံနေရသည့် သက်ဆိုင်သည့်ဌာနများ အနေဖြင့်လည်းလက်တွေ့ကျကျချဉ်းကပ်ပြီး ထိရောက်အောင်မြင် မှုများ ရရှိလာစေရန် အရှိန်အဟုန်မြှင့်ကြိုးပမ်းဆောင်ရွက်စေလိုပါကြောင်းပြောကြားသည်။

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆောင်ရွက်နေမှုများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကြပ်မတ် ထိန်းသိမ်းဆောင်ရွက်မှုများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းဖောက်ဖျက်၍ အရေးယူ ဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ယာဉ်မတော်တဆဖြစ်ပွားမှုများ၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဆောင်ရွက်မှုများ၊ ယာဉ်အန္တရာယ်၊ လမ်း အန္တရာယ်ကင်းရှင်းရေးတွင် ကျောင်းသူကျောင်းသားများနှင့် ပြည်သူလူထုပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်မည့်အခြေအနေများနှင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရေး အတွက် တရားဥပဒေနှင့်အညီဆောင်ရွက်သွားမည့်အစီအစဉ်များကို ရှင်းလင်းဆွေးနွေး သည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ အတွင်းရေးမှူး ကုန်းလမ်းပို့ ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်မင်းဦး က NRSC ၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ Action plan အကောင် အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် Suu foundation High Level Panel ၏ အကြံပြုချက် (၄၃) ချက်အပေါ်အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် စီမံခန့်ခွဲရေးဆပ်ကော်မတီ၊ ပညာပေးရေးနှင့် စစ်ဆေးအရေးယူရေးဆပ်ကော်မတီ၊ သုတေသနပြုရေးနှင့် ကျန်းမာရေး ဆပ်ကော်မတီနှင့်ဘဏ္ဍာရေးဆပ်ကော်မတီ အတွင်းရေးမှူးများ က ဆပ်ကော်မတီအသီး သီး၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် တတိယအကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြ သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဆိုင်ရာဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် တတိယ အကြိမ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ကောင်စီအတွင်းရေးမှူး ဦးဇော်မင်းဦး က Suu foundation ၏ Feasibility Study for Helmet Manufacturing in Myanmar နှင့် မြန်မာနိုင်ငံ၌ Helmet Standard သတ်မှတ်နိုင်ရေးဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ယင်းနောက် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အင်ဂျင်နီယာမှူးကြီး ဒေါ်ဖြူဖြူဝင်း က အသက်အန္တရာယ်ကာကွယ်ပေးနိုင်သည့် မော်တော်ဆိုင်ကယ်စီးဦးထုပ် ဆိုင်ရာ စံသတ်မှတ်ချက် လေ့လာဆန်းစစ်ခြင်းများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ကောင်စီဝင်များ ဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆွေ၊ မြန်မာနိုင်ငံအင်ဂျင်နီယာ အသင်းချုပ် ဥက္ကဌဦးအောင်မြင့် တို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြသည်။

ယင်းနောက် အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် မော်တော် ဆိုင်ကယ်စီး ဦးထုပ်နှင့် အသက်ကယ်ထိုင်ခုံ ခါးပတ်ဝတ်ဆင်မောင်းနှင်သည့် လိုက်နာ ဆောင်ရွက်မှုများကို ဆက်လက်အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ကြပါဟု တိုက်တွန်းလိုပါ ကြောင်း၊ ယာဉ်စည်းကမ်း၊ Alcohol Testerဖြင့် စစ်ဆေးအရေးယူမှုများ အပါအဝင် လမ်းစည်းကမ်းလိုက်နာမှုထိန်းသိမ်းကြပ်မတ်မြှင့်တင်ပေး ကြရမည်ဖြစ်ပါကြောင်း။

National Road Safety Action Plan(2014-2020) အကောင်အထည်ဖော်မှု များတွင် တိုးတက်မှုများရှိသော်လည်းဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် လုပ်ငန်းစဉ်များနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကျန်ရှိနေသေးသည်ကိုတွေ့ရှိရပါကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်များအပေါ် တာဝန်ရှိသည့်သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများ အနေဖြင့် အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် စီမံချက်ကာလအတွင်း ထိရောက် တိုးတက်မှုရှိရန် ကြိုးပမ်းစေလိုပါကြောင်း။

ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးတိုးမြှင့်ဆောင်ရွက်သကဲ့သို့ မော်တော် ယာဉ်များနှင့်မော်တော်ဆိုင်ကယ်များ၏ ကြံ့ခိုင်မှုများကိုစနစ်တကျပုံမှန်စစ်ဆေးကြပ်မတ် ထိန်းကျောင်းမှုများလိုအပ်ပါကြောင်း၊ ယာဉ်မတော်တဆဖြစ်ပွားမှုများကိုခွဲခြမ်းစိပ်ဖြာသည့် အခါ လူ့ပယောဂအပါအဝင် ပတ်ဝန်းကျင်အနေအထား၊ လမ်းတည်ဆောက်ပုံ အနေ အထား၊ လမ်းဒီဇိုင်း၊ လမ်းအဆင့်အတန်းများကလည်း ကဏ္ဍတစ်ခုအဖြစ်ဆက်စပ် နေပါ ကြောင်း၊ တည်ဆောက် ဆဲလမ်းများနှင့် အသစ်တည်ဆောက်မည့်လမ်းများအတွက် Road Safety Auditကိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးနိုင်ရန် လိုအပ်သည့် ပြင်ဆင်ဖွဲ့စည်းမှု များကိုသက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့်ဆောင်ရွက်နေပြီဟု သိရပါကြောင်း၊ သက်ဆိုင်ရာဌာနများ အားလုံးပူးပေါင်း၍ စနစ်တကျဆောင်ရွက်သွားကြရန် မှာကြား လိုပါကြောင်း၊ ဥပဒေနှင့် အညီယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရန်ပုံငွေ တစ်ရပ်ထူထောင်နိုင်ရန် တိုက်တွန်းလိုပါကြောင်း။

ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအချက်အလက်များ၊ အခြေအနေများနှင့်လုပ်ငန်းစဉ်များကို အချိန်နှင့်တစ်ပြေးညီသိရှိပြီးမိမိနိုင်ငံအနေအထား၊ မိမိတို့တွင် ရှိသည့်အရင်းအမြစ်များ၊မိမိပြည်သူများ၏ အနေအထားနှင့် ဆီလျော် ကိုက်ညီမှု ရှိသည့် လုပ်ငန်းစဉ်များကိုသွက်သွက်လက်လက် အကောင်အထည်ဖော် ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း။

ပြည်သူလူထုကိုလည်း အလေးထားပူးပေါင်းလက်တွဲပါဝင်လာစေရန်အသိပညာပေး စည်းရုံးသွားကြရမည်ဖြစ်ပါကြောင်း၊သို့မှသာ Road Safety ဆိုင်ရာတစ်ကမ္ဘာလုံး မျှော်မှန်းချက်ဖြစ်သည့် "Towards Zero Together" ဟူသည့် "Vision"သို့ အမှန်တကယ်ရောက်ရှိလာနိုင်မည်ဖြစ်ပါကြောင်းပြောကြားသည်။

အမျိုးသားယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ယာဉ်တိုက်ခိုက်မှုများနှင့်ပျက်ဆီးဆုံးရှုံးမှုများ လျော့နည်းကျဆင်းစေရန်၊ ၂၀၂၀ ပြည့်နှစ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေကို တွက်ချက်မှု အခြေခံ နှစ်ဖြစ်တဲ့ ၂၀၁၃ ခုနှစ် သေဆုံးမှုရဲ့ ၅၀% နှုန်းခန့်အထိလျော့နည်း ကျဆင်းလာစေရေး ဆိုသည့် အဓိကရည်မှန်းချက်ကို မျက်ခြေမပြတ်စေရန်နှင့် National Road Safety Action Plan (2014-2020)နှင့် အညီအရှိန်အဟုန်မြှင့်တင် အကောင်အထည် ဖော်ဆောင် ရွက် ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရသည်။