(၅၅)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကျင်းပ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှုအားပေး

Printer-friendly versionSend by email

နေပြည်တော်၊ ဇွန် ၂၀

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ က ကြီးမှူးကျင်းပသည့် (၅၅) ကြိမ် မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ ၌ ကျင်းပရာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ကြည့်ရှုအားပေးသည်။

ပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်သီဟ၊ ဒုတိယဝန်ကြီးဦးခင်မောင်တင်၊ နေပြည်တော်ကောင်စီဝင်များ၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီဝင်များ၊ မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း၊ ပြည်တွင်း ပြည်ပကျောက်မျက်ရတနာကုန်သည်များ၊ ပြည်တွင်း ပြည်ပသတင်းမီဒီယာများ နှင့် တာဝန် ရှိသူများတက်ရောက်ကြသည်။

ရှေးဦးစွာ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ အား မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ က (၅၅) ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာအချက်အ လက်များနှင့် ကျောက်မျက်ရတနာလုပ်ငန်းဆိုင်ရာများကို Video Projector ဖြင့် ရှင်းလင်း ပြသသည်။

ထို့နောက် ဒုတိယသမ္မတ သည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်း ပြသထားသည့် ကျောက်စိမ်း၊ကျောက်မျက်အတွဲများနှင့်မြန်မာ့ပုလဲအတွဲများကိုလှည့်လည် ကြည့်ရှုသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ ခြင်းဖြစ်ပြီး ယခုကျင်းပသည့် (၅၅) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသည် (၉၃)ပွဲ မြောက်ဖြစ်ကာ ဇွန် ၂၀ ရက်မှ ၂၉ ရက်အထိ ခင်ကျင်းပြသရောင်းချသွားမည် ဖြစ်သည်။

ပြပွဲတွင် ကျောက်စိမ်းအရိုင်းများ၊ ကျောက်စိမ်းအချောထည်များ၊ ကျောက်မျက် အရိုင်းများနှင့် ကျောက်မျက်အချောထည်များ၊ လက်ဝတ်ရတနာများ၊ ရုပ်တုရုပ်ထွင်းများ၊ ပုံဆောင်ခဲများ၊ ကျောက်ကပ်ပန်းချီကားများနှင့် ပုလဲအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီးမြန်မာ့ ပုလဲအတွဲ (၃၆၀)တွဲကို ဇွန် ၂၀ ရက်နှင့်၂၁ ရက်တွင် လည်းကောင်း၊ ကျောက်မျက်အတွဲ (၃၃၆)တွဲ ကို ဇွန် ၂၃ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ (၆၇၉၅)တွဲကို ဇွန် ၂၄ ရက်မှ ၂၉ ရက်ထိလည်းကောင်း အိတ်ဖွင့် တင်ဒါစနစ်များဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရ သည်။

ယနေ့တွင် မြန်မာ့ပုလဲအတွဲအမှတ် (၁) မှ (၁၂၀)အထိ ဝယ်ယူခွင့်ရရှိသူများ စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီး ပုလဲအတွဲအမှတ် (၁၂၁)မှ (၂၄၀)အထိနှင့် အတွဲအမှတ် (၂၄၁)မှ (၃၆၀)ထိ ဝယ်ယူခွင့်ရရှိသူများစာရင်းကို ဇွန် ၂၁ ရက်တွင် ထုတ်ပြန်ကြေညာ သွားမည်ဖြစ်ကြောင်း သိရသည်။