ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ မြန်မာ့ခရီးသွားလုပ်ငန်းကွန်ဖရင့်-၂၀၁၈ သို့ တက်ရောက်

Printer-friendly versionSend by email

နေပြည်တော် ဇွန် ၁၂

 

မြန်မာ့ခရီးသွားလုပ်ငန်းကွန်ဖရင့်-၂၀၁၈ ဖွင့်ပွဲအခမ်းအနားကိုယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်ဗဟိုဌာန-၂ ၌ ကျင်းပရာအမျိုးသား ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ တက်ရောက်၍ အမှာစကားပြောကြားသည်။

 

အခမ်းအနားသို့ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်နှင့် ဇနီးဒေါ်စုစုလွင်၊ ပြည်ထောင် စု၀န်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ ရေးရာကော်မတီဥက္ကဌများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၀န်ကြီးများ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ သံတမန်များ၊ ခရီးသွားလုပ်ငန်းအဖွဲ့အစည်းများမှ တာ၀န်ရှိသူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် အမျိုးသားခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူက ယနေ့ကျင်းပသည့် အမျိုးသားအဆင့် အစည်းအဝေးသည် နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်သည့် နေရာတွင်များစွာ အထောက်အကူပြုမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် အမျိုးသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ၏ ညှိနှိုင်းအစည်းအဝေးများကို ယမန်နှစ်က (၂) ကြိမ်ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးများ ကျင်းပစဉ်က ဆွေးနွေးတင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများအလိုက် ဆောင်ရွက်နိုင်သည်များကို ဆောင်ရွက်ပြီးစီးမည်ဟုယုံကြည်ပါ ကြောင်း။

 

ယခုကွန်ဖရင့်၌ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုနှင့် ခရီးသွားထုတ်ကုန်များဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်း နှင့်ဆက်စပ်နေသည့်အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး၊ ခရီးသွားလုပ်ငန်းဈေးကွက်မဟာဗျူဟာများ နှင့်အခွန်ကိစ္စရပ်များ၊ ခရီးသွားလုပ်ငန်းနည်း ပညာပိုင်းဆိုင်ရာနှင့် အသက်မွေးဝမ်းကျောင်း အရည်အသွေး မြင့်မားစေရန်အတွက် လေ့ကျင့် သင်ကြားပေးရေးတို့တွင် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် ရှေ့လာမည့် အနာဂတ်အလား အလာများကို သက်ဆိုင်ရာ စာတမ်းရှင်များက ရှင်းလင်းတင်ပြပေးမည်ဖြစ်ပါကြောင်း၊ ထို့ပြင် သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် မည်သို့ပိုမိုတိုးတက်အောင်လုပ်ဆောင်သွားမည်ကို Round Table ဆွေးနွေးပွဲနှင့် ညှိနှိုင်းတိုင်ပင် ဆွေးနွေး အဖြေရှာသွားမည်ဟုသိရှိရပါကြောင်း၊ ဆွေးနွေးရရှိချက်များအပေါ် အခြေခံပြီး ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအတွက် ကြေငြာချက်ထုတ်ပြန်မည်ဟုသိရှိရပါကြောင်း။

 

ထို့ကြောင့် ယနေ့ရနိုင်သော အချိန်တိုလေးအတွင်းမှမိမိတို့၏အသိပညာ၊ အတတ်ပညာ နှင့်အတွေ့အကြုံများကို အကောင်းဆုံးနှင့် ထိထိမိမိရှင်းရှင်းလင်းလင်း ပြောဆို ဆွေးနွေးကြပြီး ခရီးသွားလုပ်ငန်းကဏ္ဍကိုမည်ကဲ့သို့ အကောင်းဆုံးဖြစ်အောင် ဖန်တီးကြမည်ဆိုသည့် အမြင် နှင့် ဆွေးနွေးအဖြေရှာသွားကြရန် တိုက်တွန်း ပြောကြားလိုပါကြောင်း။

 

ခရီးသွားလုပ်ငန်း တစ်ခုစနစ်တကျဖွံ့ဖြိုးတိုးတက်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန် အတွက် သက်ဆိုင်ရာခရီးစဉ်ဒေသအလိုက်Feasibility Study၊Project Proposal၊ Brainstorming Workshop များကိုပြည်တွင်းပြည်ပမှ ကျွမ်းကျင်ပညာရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများညှိနှိုင်းဆွေးနွေးပြီး ရေတိုရေရှည် စီမံချက်များကို ချမှတ်ကာစဉ်ဆက်မပြတ် ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

 

အာဆီယံဒေသ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကိုကြည့်ပါက အာဆီယံဒေသကို နိုင်ငံတကာခရီးသွားဧည့်သည်ရောက်ရှိမှု ဦးရေသည် ၂၀၁၆ ခုနှစ်တွင် ၁၁၅သန်းနှင့် ၂၀၁၇ ခုနှစ်တွင် ၁၂၅သန်းရှိပါကြောင်း၊ ၂၀၁၆ ခုနှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၇ခုနှစ်တွင် ၈ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ခဲ့သည်ကိုတွေ့ရပါကြောင်း၊ လာရောက်ကြသည့် ခရီးသွားဧည့်သည် များကိုကြည့်ပါက အာဆီယံဒေသအတွင်းအပြန်အလှန်လည်ပတ်သော ခရီးသွားဧည့်သည် (Intra ASEAN Travel)က၄၂ရာခိုင်နှုန်းအထိရှိနေပါကြောင်း၊ ထို့ကြောင့်အာဆီယံဒေသတွင်း နိုင်ငံများမှ ခရီးသွားဧည့်သည်များကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် ဆွဲဆောင်မှုများ ပိုမိုပြုလုပ်သင့်သည်ဟုပြောကြားလိုပါကြောင်း။

 

မြန်မာနိုင်ငံသို့ ခရီးသည်အများဆုံးလာရောက်သော နိုင်ငံများကိုကြည့်ပါက အရှေ့တိုင်း နိုင်ငံများ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ဂျပန်နိုင်ငံ၊ကိုရီးယားသမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံ တို့မှ အများဆုံးဖြစ်ပြီး အနောက်နိုင်ငံများအနေဖြင့် အမေရိကန်ပြည်ထောင်စု၊ပြင်သစ်၊ ဗြိတိန်နှင့် ဂျာမနီအစရှိသည့် နိုင်ငံများဖြစ်သည်ကိုတွေ့ရပါကြောင်း၊ မိမိ်တို့အနေဖြင့် ယခုလိုခရီးသွား ဧည့်သည် အများဆုံးလာရောက်ကြသည့် နိုင်ငံများအားအထူးTarget ထားပြီးဧည့်သည် ပိုမိုလာရောက်ရန် ယခုထက် ပိုမိုကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်နေပြီဖြစ်ပါ ကြောင်း။

 

ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက်နိုင်ငံတကာခရီးသွားပြပွဲများတွင် ပိုမိုဝင်ရောက်ပြသ နိုင်ရေးသည်လည်း အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပါကြောင်း၊ ယင်းသို့ ပါဝင်ပြသနိုင်ရန် လုံလောက်သောရန်ပုံငွေများရရှိရေးသည် လိုအပ်ချက် တစ်ရပ်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ အနေဖြင့် ကဏ္ဍစုံဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နေရ၍ ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် ဘဏ္ဍာငွေ ခွဲဝေချထားမှုအပိုင်းတွင် လုံလောက်စွာခွဲဝေပေးရန် အခက်အခဲရှိနိုင်ပါကြောင်း၊ ထို့ကြောင့် ပုဂ္ဂလိကပိုင်းကလည်းမိမိတို့ခရီးသွားလုပ်ငန်းတိုးတက်ရန် အချင်းချင်းပူးပေါင်း ညှိနှိုင်းအဖြေရှာကြရန်ကိုလည်း တိုက်တွန်းလိုပါကြောင်း။

 

ကမ္ဘာ့နိုင်ငံအသီးသီးသည် ခရီးသွားဧည့်သည်များဝင်ရောက်မှုလွယ်ကူစေရန် နည်းအမျိုး မျိုးဖြင့် ကြံဆဆောင်ရွက်လျက်ရှိပြီးအပြည်ပြည်ဆိုင်ရာရေဆိပ်နှင့်လေဆိပ်များ၊ နယ်စပ် ဝင်ထွက်ပေါက် ဂိတ်များတိုးချဲ့ဖွင့်လှစ်ဆောင်ရွက်သကဲ့သို့ ဗီဇာစနစ်များပြင်ဆင်ခြင်း၊ ဗီဇာ ကြေးများလျှော့ချခြင်းနှင့်ဗီဇာကင်းလွတ်ခွင့်ပေးခြင်းစသည့် ဆွဲဆောင်မှုများဖြင့် ခရီးသွား ဧည့်သည် တိုးမြင့်လာအောင် ဆောင်ရွက်နေကြပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် လတ်တလော တွင် ဥရောပနိုင်ငံသားများဝင်ရောက်မှုနည်းသော်လည်းအာဆီယံ+၃ နိုင်ငံများ ဖြစ်သည့် ဂျပန်၊ တရုတ်နှင့်တောင်ကိုရီးယားနိုင်ငံများမှ ဧည့်သည်ဝင်ရောက်မှု ပိုမိုတိုးတက်စေရန်အတွက် မျှော်မှန်းပြီး၎င်း(၃)နိုင်ငံကိုဗီဇာစနစ်များဖြေလျှော့ရန် စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါ ကြောင်း။

မိမိတို့နိုင်ငံကိုကမ္ဘာလှည့်ခရီးသည်များ ပိုမိုလာရောက်ရန်အတွက် နိုင်ငံအတွင်း လည်ပတ်ချင်စရာကောင်းသော ခရီးစဉ်ဒေသတစ်ခုဖြစ်သည်ကို ကမ္ဘာက ပိုမိုထဲထဲဝင်ဝင် သိရှိလာအောင် ဈေးကွက်မြှင့်တင်မှုအများအပြားပြုလုပ်ပြီး နိုင်ငံတကာကိုပိုမိုကြော်ငြာ သွားရန် လိုအပ်ပါကြောင်း၊ အခြားတစ်ဖက်တွင်လည်းမိမိတို့နိုင်ငံ၏ ဟိုတယ်အခန်းခများနှင့် သယ်ယူပို့ဆောင်ရေး ဈေးနှုန်းများသည် နိုင်ငံတကာ ဈေးနှုန်းများထက် မပိုစေဘဲ လိုက်လျောညီထွေ ဖြစ်ရမည်ဖြစ်ပြီး ဧည့်သည်များ ပေးရသောတန်ကြေးနှင့် မိမိဘက်က ပြန်ပေးသည့်ဝန်ဆောင်မှုများသည် အမှန်တကယ်ထိုက်တန်ရန် (Value for Money)အရေးကြီးပါကြောင်း။

 

ပုံမှန်ဧည့်သည်ရှိပြီး ခရီးစဉ်ဒေသများကိုလည်း အရည်အသွေးပိုမိုဖွံ့ဖြိုးတိုးတက်လာစေ ရန်နှင့် နိုင်ငံတကာအဆင့်မီဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ခရီးစဉ်အသစ်များ ဖော်ထုတ်သည့်နေရာတွင် မိမိတို့၏ ယဉ်ကျေးမှုနှင့် သဘာဝအရင်းအမြစ် များကို ထိန်းသိမ်းရမည်ဖြစ်ပါကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များအတွက် လည်ပတ်စရာများ၊ ဆွဲဆောင်မှုများနှင့်လေ့လာစရာအသစ်များ ပိုမိုများပြားလာသည်နှင့်အမျှ လည်ပတ်သော ရက်ပိုကြာပြီးငွေကြေးလည်းပိုမိုသုံးစွဲလာကြမည်ဖြစ်ပါကြောင်း။

 

ခရီးသွားလုပ်ငန်းသည် အလွန်ကျယ်ပြန့်ပြီး ကဏ္ဍပေါင်းစုံအပေါ်တွင် သက်ရောက်မှုများ ရှိသည့်အတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့သည် Public Private Partnership ပုံစံနှင့် ပူးပေါင်းဆောင်ရွက်ကြရန် ပိုမိုလိုအပ်ပါကြောင်း၊ ကမ္ဘာ့အလယ်တွင် မြန်မာနိုင်ငံ၏ National Branding ကို Imageကောင်းကောင်းနှင့် ထိထိရောက်ရောက် ကြော်ငြာလုပ်ဆောင် သွားနိုင် ပါက နိုင်ငံတကာဧည့်သည်များ ပိုမိုလာရောက်ကြမည် ဖြစ်သကဲ့သို့ နိုင်ငံ့ဂုဏ်သတင်းကိုလည်း မြှင့်တင်ကြော်ငြာပြီးဖြစ်ပါကြောင်း။

 

ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းသည် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီးနိုင်ငံတော်၏ အေးချမ်းတည်ငြိမ်မှုနှင့် ကမ္ဘာလှည့် ခရီးသည်များ၏ လုံခြုံရေးကိုလည်းသတိထားဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ လုံခြုံရေး ဘက်ကို ဦးစားပေးပါကလည်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားဖြစ်စေ နိုင်သကဲ့သို့ စီးပွားရေးကိုအလေးပေးလွန်းပါကလည်း မလိုလားအပ်သောပြဿနာများ ဖြစ်ပေါ်လာနိုင်သည့် အတွက် ဘက်စုံထောင့်စုံမှ ဟန်ချက်ညီညီတိုးတက်လာအောင် စီစဉ်ကြံဆပြီးအကောင် အထည်ဖော်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

 

မြန်မာနိုင်ငံ၏ ခရီးစဉ်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံတကာဧည့်သည်များအပြင် ပြည်တွင်းခရီးသွားများ ပိုမိုစိတ်ချမ်းသာစွာသွားလာနေထိုင်လည်ပတ်နိုင်ကြရန် မျှော်မှန်းပြီး၊ လက်တွေ့ကျပြီး စနစ်တကျဆောင်ရွက်နိုင်သောအစီအမံများကို ပွင့်ပွင့်လင်းလင်းဆွေးနွေး တင်ပြကြပြီး လက်တွေ့ဆောင်ရွက်နိုင်မည့် အကြံကောင်းများကိုလည်း အကြံပြုပေးကြပါဟု ပြောကြားသည်။

 

ထို့နောက် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူအား ဟိုတယ်နှင့် ခရီးသွားလာရေး၀န်ကြီး ဌာန ပြည်ထောင်စု၀န်ကြီး ဦးအုန်းမောင်က မြန်မာနို်င်ငံခရီးသွားကွန်ဖရင့် - ၂၀၁၈ အထိမ်း အမှတ် လက်ဆောင်ကိုပေးအပ်သည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတဟောင်းဦးထင်ကျော်နှင့် ဇနီး၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့၀င်များသည် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန - ၂ အတွင်း ခင်းကျင်းပြသထားသည့် ခရီးစဉ်ဒေသမှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတကာ ခရီးသွားပြပွဲများတွင် ပါဝင်ပြသခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့် ခရီးသွားလုပ်ငန်းဆိုင်ရာ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကိုလှည့်လည်ကြည့်ရှုကြသည်။

 

ယင်းနောက် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့် - ၂၀၁၈ ကိုဆွေးနွေးပွဲ အစီအစဉ် များအတိုင်း ဆက်လက်ကျင်းပကြသည်။

 

ပထမအကြိမ် မြန်မာနိုင်ငံခရီးသွားလုပ်ငန်းကွန်ဖရင့်ကို ခရီးသွားလုပ်ငန်းကို နိုင်ငံတော်၏ ဦးစားပေးစီးပွားရေး မူဝါဒတွင် ပါ၀င်ရန်၊ ခရီးသွားလုပ်ငန်းကဏ္ဍ၏ အရေးပါမှုကို ပေါ်လွင်ရန်၊ မြန်မာနိုင်ငံ၏ ပုံရိပ်ကိုပိုမိုမြှင့်တင်နိုင်ရန်နှင့် ရေရှည်တည်တံ့ခိုင်မြဲရန်၊ နိုင်ငံတော်ရှိတိုင်းရင်းသား လူမျိုးများ၏ ရိုးရာယဉ်ကျေးမှုများ၊ သဘာဝပတ်ဝန်းကျင်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးသွားလုပ်ငန်းမှ ရရှိလာမည့် အခွင့်အလမ်းများကို ပြည်သူများမျှဝေခံစားနိုင်ကြရန် ဆိုသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်းဖြစ်သည်။