ဒုတိယသမ္မတ ဦးမြင့်ဆွေ ဒုတိယအကြိမ်မြောက် MYANMAR-EU ECONOMIC FORUM ဖွင့်ပွဲတက်ရောက်

Printer-friendly versionSend by email



နေပြည်တော် ဇွန် ၆

ဒုတိယအကြိမ်မြောက် MYANMAR-EU ECONOMIC FORUM ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ KEMPINSKI ဟိုတယ်၌ကျင်းပရာ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးကျော်မျိုးနှင့် ဦးအောင်ထူး၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်း၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E. Mr. KRISTIAN SCHMIDT နှင့် ကိုယ်စားလှယ်များ၊ ဥရောပကုန်သည် ကြီးများအသင်းမှ ကိုယ်စားလှယ်များ၊ စီးပွားရေးပညာရှင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယသမ္မတ ဦးမြင့်ဆွေက ဒုတိယအကြိမ်မြောက် Myanmar - EU Economic Forum ကို စီစဉ်ကျင်းပပေးသော ဥရောပကုန်သည်ကြီးများအသင်းကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရကိုယ်စား ကျေးဇူးတင်ရှိပါကြောင်း၊ ယခုဖိုရမ်မှတစ်ဆင့် မြန်မာ နိုင်ငံနှင့် ဥရောပစီးပွားရေး အသိုက်အဝန်းများအကြား စီးပွားဆက်ဆံရေးကို ပိုမိုတိုးတက်အောင် ဆောင်ကြဉ်းပေးသွားနိုင်မည်ဟုလည်း ယုံကြည်ပါကြောင်း။

မြန်မာ့စီးပွားရေးလက်ရှိ တိုးတက်မှုအခြေအနေများနှင့် ပတ်သက်၍ ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးနှင့် ဖွံ့ဖြိုးမှုမူဝါဒတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး၊ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လျှပ်စစ်ဓါတ်အားရရှိရေး၊ အလုပ်အကိုင် ဖန်တီးပေးရေး၊ သဘာဝအရင်းအမြစ်များအား ရေရှည်ထိန်းသိမ်းနိုင်ရေး၊ စွမ်းဆောင်ရည် တည်ဆောက်ရေးနှင့် လူငယ်များအတွက် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရေး အစရှိသည့် ပြည်သူကိုဗဟိုပြုပြီး ပြည်သူများပါဝင်နိုင်သော မူဝါဒရည်မှန်းချက်များ ပါဝင်ပါကြောင်း။

ထို့ပြင် မိမိတို့အနေဖြင့် အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ စိုက်ပျိုးရေး ကဏ္ဍ၊ ပုဂ္ဂလိကကဏ္ဍနှင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းကဏ္ဍများ ပိုမိုတိုးတက် ကောင်းမွန်စေရေး အပါအဝင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင်များ အောင်မြင်ရေးအတွက် ဦးတည်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး မူဝါဒ သည် သဘာဝ သယံဇာတ အရင်းအမြစ်များကို ရေရှည်ထိန်းသိမ်းနိုင်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား မျှတမှန်ကန်စွာ ခွဲဝေအသုံးချနိုင်မည့် စီးပွားရေး မူဘောင်တစ်ခုကိုလည်း ချမှတ်ပေးထားခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် နိုင်ငံတော်က ချမှတ်ထားသည့် စီးပွားရေး မူဝါဒ ၁၂ ရပ်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံ မှု မူဝါဒက ပံ့ပိုးပေးထားခြင်း ဖြစ်ပါကြောင်း။

Asian Development Outlook 2018 အရ မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု နှုန်းသည် ၂ဝ၁၅ - ၂ဝ၁၆ ဘဏ္ဍာရေးနှစ်၌ ၅ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂ဝ၁၆ - ၂ဝ၁၇ ဘဏ္ဍာရေးနှစ်တွင် ၆ ဒသမ ၈ ရာခိုင်နှုန်းကို တိုးတက်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ တိုးတက်လာရ ခြင်းသည် ရင်းနှီးမြှုပ်နှံမှု အခြေအနေ ဆက်လက် ကောင်းမွန်လာခြင်းနှင့်အတူ စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍ ပိုမိုခိုင်မာလာခြင်း၊ ပို့ကုန်တိုးတက်လာခြင်းနှင့် ပုဂ္ဂလိကကဏ္ဍတွင် သုံးစွဲနိုင်စွမ်း ပိုမိုအားကောင်းလာခြင်း တို့ကြောင့် ဖြစ်ပါကြောင်း။

ထို့ပြင် နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှုသည်လည်း ၂ဝ၁၇ ခုနှစ်တွင် ၁၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ဦးရေအားဖြင့် ၃ ဒဿမ ၄ သန်းထိ ရှိခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ တွင် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုကြောင့် ဖြစ်ပေါ်လာသည့် ဝယ်လိုအား မြင့်မားလာခြင်း ကလည်း စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုလျက်ရှိပါကြောင်း၊ လာမည့်နှစ်များ၌ မြန်မာနိုင်ငံ၏ GDP ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၇ ရာခိုင်နှုန်းကျော်အထိ ရှိလာမည်ဟု မျှော်မှန်း ထားရှိပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် ပိုမိုဆွဲဆောင်မှုရှိသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ဖန်တီးနိုင်ရေး အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက်ခဲ့မှုများကိုလည်း အခါအခွင့်သင့်ခိုက်တွင် အနည်းငယ် ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကိုလည်း ပြဋ္ဌာန်းထုတ်ပြန်ပြီးဖြစ်ပါကြောင်း၊ ထို့ပြင် စိုက်ပျိုးရေး၊ အခြေခံအဆောက်အဦ နှင့် ကုန်ထုတ်လုပ်ရေး လုပ်ငန်းကဏ္ဍများ၌ ရင်းနှီးမြှုပ်နှံမှု များ ပိုမိုရရှိရန်နှင့် တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ငန်းဆောင်ရွက်မှုများ ဖြစ်လာရန်အတွက် ပိုမိုသင့်လျော်ကောင်းမွန်ပြီး အထောက် အကူဖြစ်စေမည့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်ရန် စသည့် အခြားလိုအပ်သော ပြုပြင်ပြောင်းလဲမှုများစွာကိုလည်း ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသစ်အရ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမို ပွင့်လင်းမြင်သာ မှုရှိသော၊ ပိုမိုဖြေလျှော့ပေးထားသော၊ ပိုမိုအာမခံချက်ပေးသည့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်ကို ရရှိ စေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်အရလည်း ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်ရာတွင်လည်း လွယ်ကူစေမည့်အပြင် ကုမ္ပဏီငယ်များ အနေဖြင့်လည်း ပိုမိုပြီး လုပ်သာ ကိုင်သာရှိလာမည်ဖြစ်ပါကြောင်း၊ အီလက်ထရောနစ် မှတ်ပုံတင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်မှုနှင့်အတူ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေသစ်သည် ၂ဝ၁၈ ခုနှစ် 0x100သဂုတ်လ ၁ ရက် မှစတင်ပြီး အာဏာ သက်ဝင်လာမည်ဖြစ်ပါကြောင်း။

မိမိတို့အနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့ကျပြီး အခြေအနေ ဖန်တီး ခွင့်များရှိသည့် လမ်းကြောင်းမျိုးကို ခင်းကျင်းပေးထားပြီး ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေး ဥပဒေမူဘောင်သည် မြန်မာနိုင်ငံတွင်ရှိသော စီးပွားရေးလုပ်ငန်းများ အားလုံးအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေများနှင့်အတူ ပိုမိုခိုင်မာ ထိရောက် လာမည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း။

မိမိတို့အနေဖြင့် အီးယူမှ ရင်းနှီးမြှုပ်နှံသူများ အပါအဝင် ရင်းနှီးမြှုပ်နှံသူ အားလုံးကို ဦးစားပေး လုပ်ငန်းများဖြစ်သည့် အခြေခံအဆောက်အဦကဏ္ဍ၊ လယ်ယာကဏ္ဍ၊ တိရစ္ဆာန်နှင့် ရေထွက်ပစ္စည်း မွေးမြူထုတ်လုပ်ခြင်းလုပ်ငန်းများ၊ ပို့ကုန်မြှင့်တင်နိုင်မည့် ကုန်ထုတ်လုပ်ငန်း များ၊ သွင်းကုန်အစားထိုး ကုန်ထုတ်လုပ်ငန်းများ၊ စွမ်းအင်ကဏ္ဍ ဆိုင်ရာလုပ်ငန်းများ၊ အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းများ၊ ပညာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများ၊ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်း လုပ်ငန်းများ၊ စက်မှုမြို့တော် တည်ဆောက် ခြင်း လုပ်ငန်းများ၌ ရင်းနှီးမြှုပ်နှံပေးကြရန် ဖိတ်ခေါ်လိုပါကြောင်း။

မြန်မာနိုင်ငံတွင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၏ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်းတန်ဖိုးသည် ၂ဝ၁၈ ခုနှစ် ဧပြီလအထိ အမေရိကန်ဒေါ်လာ ၆ ဒသမ ၆ ဘီလီယံခန့် ရှိပါကြောင်း၊ မြန်မာ နိုင်ငံရှိ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် မြန်မာနိုင်ငံ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု စုစုပေါင်းတန်ဖိုး၏ ၈ ဒသမ ၆၈ ရာခိုင်နှုန်း ခန့်ရှိပါ ကြောင်း၊ မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေနှင့်အညီ မြန်မာနိုင်ငံတွင် ဖွဲ့စည်းထူထောင် လည်ပတ်နေသည့် ဥရောပသမဂ္ဂ ကုမ္ပဏီ စုစုပေါင်း ၃ဝဝ ကျော် ရှိပါကြောင်း။

ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုပြုလုပ်ရန် တိုက်တွန်းလိုပါကြောင်း၊ ယခုကျင်းပမည့် ဖိုရမ် အောင်မြင် ပါစေကြောင်းနှင့် ပြည့်စုံသော အပြန်အလှန် ဆွေးနွေးမှုများမှတစ်ဆင့် မြန်မာနိုင်ငံနှင့် ဥရောပ သမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်မြှင့်တင်သွား နိုင်ပါစေ ကြောင်း ဆန္ဒပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး H.E.Mr.Kristian Schmidt က အမှာစကားပြောကြားသည်။

ထို့နောက် ဒုတိယသမ္မတ ဦးမြင့်ဆွေသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံ အမတ်ကြီး H.E.Mr.Kristian Schmidt ၊ EU-ASEAN Business Council ဥက္ကဋ္ဌ Mr.Donald Kanak ၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း ၊ EuroCham Myanmar မှ ဥက္ကဋ္ဌ Mr.David Levrat နှင့် အဖွဲ့ဝင်များနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ယင်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ EU-ASEAN Business Council ဥက္ကဋ္ဌ Mr.Donald Kanak နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က အမှာစကား ပြောကြားကြပြီး EuroCham Myanmar မှ ဥက္ကဋ္ဌ Mr.David Levrat က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား သည်။

ထို့နောက် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် Euro Cham Myanmar မှ ဥက္ကဋ္ဌ Mr.David Levrat တို့က MYANMAR-EU ECONOMIC FORUM ကို မောင်းတီး၍ ဖွင့်လှစ်ပေးသည်။



MYANMAR-EU ECONOMIC FORUM ကို ခေါင်းစဉ် ၁၂ ခုဖြင့် ဆက်လက်ကျင်းပရာ မြန်မာနိုင်ငံနှင့် အီးယူအဖွဲ့ဝင်နိုင်ငံများအကြား ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအခန်းကဏ္ဍ၊ လူမှုရေးရာပူးပေါင်းဆောင်ရွက်မှုကဏ္ဍ၊ ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍ၊ ဒီဂျစ်တယ် အသွင်ကူးပြောင်းရေးကဏ္ဍ၊ အထည်ချုပ်လုပ်ငန်းများ ကဏ္ဍ၊ ဆောက်လုပ်ရေးကဏ္ဍ၊ ကုန်စည်ပို့ဆောင် ရေးကဏ္ဍ၊ တရားမဝင်ကုန်သွယ်မှု ဆန့်ကျင်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ ဥပဒေရေးရာကဏ္ဍ၊ စိုက်ပျိုးစီးပွားကဏ္ဍနှင့် မြန်မာနိုင်ငံ၏ စီးပွားရေးအသွင်ကူးပြောင်းမှု အခြေအနေတို့နှင့် စပ်လျဉ်းပြီး ဝိုင်းဝန်းဆွေးနွေးကြသည်။