နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

Printer-friendly versionSend by email

 

နေပြည်တော် ဇွန် ၅

၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဟိုတယ်ဇုန်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် တက်ရောက် အမှာစကား ပြောကြားသည်။

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မန္တလေး မြို့တော်ဝန်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီဥက္ကဋ္ဌများ၊ အမျိုးသားအဆင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှု ဆိုင်ရာဗဟိုကော်မတီဝင်များ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်း၊ ပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့် ဖိတ်ကြားထား သူများ တက်ရောက်ကြသည်။

နိုင်ငံတော်သမ္မတက အဖွင့်မိန့်ခွန်း ပြောကြားရာတွင် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သည် မိမိတို့ပတ်ဝန်းကျင်ကို ကာကွယ်နိုင်ရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အသိပညာပေးရေး ဆောင်ရွက်ချက်များကို အားပေးနေသည့် ကမ္ဘာ့ကုလသမဂ္ဂ၏ အရေးပါသော နေ့ရက် တစ်ရက် ဖြစ်ပါကြောင်း၊

ယနေ့အချိန်အခါသည် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဂေဟစနစ်များ ပျက်စီးခြင်း၊ ဇီဝမျိုးစုံမျိုးကွဲ များ လျော့နည်းလာခြင်း၊ ရေအရင်းအမြစ်များ ရှားပါးလာခြင်း၊ လေထုနှင့်ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းစသည့် ပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ပြဿနာများကို ရင်ဆိုင်ကြုံတွေ့နေကြရပါကြောင်း၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကလည်း တစ်ခုအပါအဝင်ဖြစ်လာပြီး မိမိတို့၏ကမ္ဘာကြီးပေါ်တွင် အလေးထားဖြေရှင်းဆောင်ရွက်ရမည့်ကိစ္စရပ်တစ်ခု ဖြစ်လာ ပါကြောင်း။

ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်၏ လေ့လာဆန်းစစ် တွေ့ရှိမှုများအရ စွန့်ပစ် ပစ္စည်းအားလုံး၏ ၁ဝ ရာခိုင်နှုန်းသည် ပလတ်စတစ်များဖြစ်ပြီး ပင်လယ်၊ သမုဒ္ဒရာများ အတွင်းသို့ နှစ်စဉ်ရောက်ရှိသွားသည့် ပလတ်စတစ် ပမာဏသည် အနည်းဆုံးတန်ချိန် ၈ သန်းခန့် ရှိပါကြောင်း၊

ယင်းအခြေအနေများကြောင့် ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ ဆောင်ပုဒ်အဖြစ် “ပလတ်စတစ်ညစ်ညမ်းမှုကိုတိုက်ဖျက်ကြစို့” “Beat Plastic Pollution” ဟု သတ်မှတ်ထားပါကြောင်း၊ ဆောင်ပုဒ်၏ရည်ရွယ်ချက်မှာ တစ်ခါသုံးပလတ်စတစ် ပစ္စည်းများ ထုတ်လုပ်သုံးစွဲမှုကို လျှော့ချရန်၊ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းတည်တံ့စေမည့် အခြား နည်းလမ်းများကို အချင်းချင်း မျှဝေပြီး အတူတကွ ပူးပေါင်းရှာဖွေ ဖော်ထုတ် ဆောင်ရွက် ကြရန် တိုက်တွန်းထားခြင်းဖြစ်ပါကြောင်း။

မိမိတို့ နိုင်ငံအနေဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို နိုင်ငံတကာတွင် အောင်မြင်နေသည့် နည်းပညာ၊ အရင်းအမြစ်များအပေါ် အခြေခံပြီး စနစ်တကျ စီမံဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း ပြန်လည်ပြင်ဆင် ရေးဆွဲကြရမည်ဖြစ်ပါကြောင်း။

တစ်ခါသုံးပလတ်စတစ်အသုံးပြုမှု လျှော့ချရေး၊ ပြန်လည်ပြုပြင် သုံးစွဲနိုင်သည့် ပစ္စည်းများကို ပိုမိုသုံးစွဲရေးကို တိုက်တွန်းအားပေးရန်နှင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်ခြင်းကို တားမြစ်နိုင်ရန်တို့အတွက် လိုအပ်သည့်မူဝါဒများကို ပြောင်းလဲချမှတ် ဆောင်ရွက်သွားကြ ရမည် ဖြစ်ပါကြောင်း။

စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံတွင် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန်မျှတသည့် ပတ်ဝန်းကျင်ဖြစ်လာအောင် ဖော်ဆောင်သွားနိုင်ရန်အတွက် မျှော်မှန်းပြီး အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်လုပ်ငန်းအစီအစဉ် (၂ဝ၁၇-၂ဝ၃ဝ)ကို ရေးဆွဲထားပြီးဖြစ်ပါကြောင်း၊ ယင်းမဟာဗျူဟာနှင့် လုပ်ငန်းအစီအစဉ် အရ 3 R Actions ဟုခေါ်သည့် ထွက်ရှိမှုလျှော့ချခြင်း(Reduce)၊ ပြန်လည် သုံးစွဲခြင်း (Reuse)၊ ပြန်လည်ပြုပြင်သုံးစွဲခြင်း(Recycle)နည်းစဉ်များဖြင့် ဆောင်ရွက်ရန် အမျိုးသားအဆင့်၊ မြို့တော်အဆင့်၊ မြို့နယ်အဆင့် အဆင့်ဆင့် ဆက်လက် အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ယခုအခါ မန္တလေးမြို့တော်တွင် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုကို စတင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိနေပြီဖြစ်ပါကြောင်း၊ အခြားမြို့ကြီး၊ မြို့နယ်များတွင်လည်း စွန့်ပစ်ပစ္စည်းဆိုင်ရာ အစီအမံများ မိမိတို့ဒေသ၊ မြို့ရွာနှင့် လျော်ညီအောင် ရေးဆွဲ အကောင်အထည်ဖော်ကြရန် တိုက်တွန်းလိုပါကြောင်း။

ဖွံ့ဖြိုးဆဲ၊ ဖွံ့ဖြိုးပြီးနိုင်ငံအများစုကဲ့သို့ပင် မြန်မာနိုင်ငံအနေဖြင့်လည်း စွန့်ပစ်ပစ္စည်း များမှ လူသုံးကုန်ပစ္စည်းများ ပြန်လည်ထုတ်လုပ်သုံးစွဲနိုင်မည့် နည်းလမ်းများကိုလည်း စဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံအနေဖြင့် သောက်ရေကို မြေအိုးထဲ ထည့်သုံးခြင်း၊ ဈေးဝယ်ရာတွင် ကြိမ်ခြင်းကိုအသုံးပြုခြင်းနှင့် ဖက်ရွက်များကို အသုံးပြု ထုပ်ပိုးခြင်း၊ မြန်မာ့လက်မှုပညာဖြင့် ပြုလုပ်ထားသည့် ကြိမ်ကုလားထိုင်၊ ဝါးကုလားထိုင် စသည့် အသုံးအဆောင်ပစ္စည်းများကို အသုံးပြုခြင်း စသည့် ဓလေ့ထုံးစံ၊ အလေ့အကျင့်ကောင်းများကို ဆက်လက် ကျင့်သုံးခြင်းသည် ပလတ်စတစ်သုံးစွဲမှု လျှော့ချခြင်း လုပ်ငန်းများကို များစွာ အထောက်အကူ ဖြစ်စေမည် ဖြစ်ပါကြောင်း။

ပလတ်စတစ် စွန့်ပစ်ပစ္စည်းများအပါအဝင် စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်၊ တတ်နိုင်သမျှ ပြန်လည်ပြုပြင်သုံးစွဲနိုင်ရန်နှင့် စွန့်ပစ်ပစ္စည်းများကို ပြန်လည်ပြုပြင် ထုတ်လုပ်နိုင်ရန် အတွက် ပြည်တွင်းရှိ အသေးစား၊ အလတ်စားလုပ်ငန်းများကိုလည်း အားပေး ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း။

သက်ဆိုင်ရာအစိုးရဌာနများ၊ အဖွဲ့အစည်းအားလုံး အတူတကွ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်စပ်လျဉ်း၍ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အနေဖြင့် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း၊ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ပါရီသဘောတူညီချက်၊ ကုလသမဂ္ဂ ဇီဝမျိုးစုံမျိုးကွဲ ကွန်ဗင်းရှင်း၊ ဘာဆယ်ကွန်ဗင်းရှင်း၊ စတော့ဟုမ်းကွန်ဗင်းရှင်းစသည့် အပြည်ပြည်ဆိုင်ရာ သဘော တူညီချက်များတွင် လက်မှတ်ရေးထိုးပြီး ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုကိုလည်း ယခုထက်မက တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

နိုင်ငံသူနိုင်ငံသားအားလုံးအနေဖြင့် တစ်ဦးချင်း တာဝန်သိစိတ်များဖြင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းများကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ မဖြစ်လာအောင် ဝိုင်းဝန်း ထမ်းရွက်ပေးရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။ (နိုင်ငံတော်သမ္မတ ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံကို နိုင်ငံတော်သမ္မတရုံး Website နှင့် Myanmar President Office Facebook Page တို့တွင် ဖော်ပြထားရှိသည်။)

ထို့နောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr. Antonio Guterres ၏သဝဏ်လွှာကို ကုလသမဂ္ဂဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ ခေတ္တညှိနှိုင်းရေးမှူး Ms. Janet Jackson က ဖတ်ကြားသည်။

ယင်းနောက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ် (UN-Environment) အမှုဆောင်ညွွှန်ကြားရေးမှူး Mr.Erik Solheim တို့က ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ ဗီဒီယိုဖိုင်တို့ကို ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတက ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ၂ဝ၁၈ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကာတွန်းပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆု ရရှိကြသူများအား ဂုဏ်ပြုဆုများကို ချီးမြှင့်ပေးအပ်သည်။ ယင်းနောက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပိုစတာပြိုင်ပွဲနှင့် ကာတွန်းပြိုင်ပွဲတွင် ဆုရရှိကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယင်းနောက် နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပြခန်းများအား လှည့်လည်ကြည့်ရှုကြသည်။