နိုင်ငံတော်သမ္မတဦးဝင်းမြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား တွေ့ဆုံမှာကြား

Printer-friendly versionSend by email



နေပြည်တော် မေ ၃၁

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေနှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားသည်။



တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ပိုမိုများပြားလာသည်ကို သိရှိရပါကြောင်း၊ အနာဂတ် လူငယ်များကို လူညွန့်တုံးစေပါကြောင်း၊ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပိုမို တိုးမြှင့်လုပ်ဆောင်ရန် လိုအပ်နေပြီဖြစ်ပါကြောင်း၊ ဗဟိုအဖွဲ့၏ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပိုမိုအားထည့် ဆောင်ရွက်သွားစေလိုပါကြောင်း၊ လုပ်ငန်းများဆောင်ရွက် ရာတွင် UN Convention ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်စေလိုပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာအဖွဲ့ အစည်းများ၊ အစိုးရမဟုတ်သော ပြည်တွင်းအဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။



မူးယစ်ဆေးဝါးအန္တရာယ်ကို ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အတွက် အသိပညာပေးခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆေးကုသပေးခြင်း၊ ပြန်လည် ထူထောင်ခြင်းတို့ကို ဆောင်ရွက်ပေးရန် လိုအပ်ပြီး မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ်ခြင်း များကို ထိရောက်သော ပြစ်ဒဏ်များ ချမှတ်နိုင်ရေး ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။



ဒေသဆိုင်ရာ မူးယစ်ဆေးဝါးတားဆီးကာကွယ် နှိမ်နင်းရေးအဖွဲ့များကို မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဖွဲဲ့စည်းသွားရန်လိုအပ်ပြီး ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဒေသမှစိတ်ပါဝင်စားသူ ပြည်သူများ ပါဝင်ဖွဲ့စည်းရန်လိုအပ်ပါကြောင်း၊ အဆိုပါအဖွဲ့အစည်းများကိုလည်း ဆုငွေချီးမြှင့်ရေးစနစ်ကျင့်သုံး၍ လိုအပ်သလို စီမံခန့်ခွဲသွားရန် လိုအပ်ပါကြောင်း၊ ထို့ပြင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအထူးအဖွဲ့ကို သီးခြားဖွဲ့စည်း၍ ဗဟိုအဖွဲ့မှ တိုက်ရိုက်ကွပ်ကဲကြပ်မတ်သွားရန် လိုအပ်ပါကြောင်း စသည်ဖြင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်နှိမ်နင်းရေးနှင့် တားဆီးကာကွယ်ရေးကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားသည်။



တွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဥက္ကဋ္ဌ နယ်စပ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ အဖွဲ့ဝင်များဖြစ်ကြ သည့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်ကြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသက်ခိုင်ဝင်း၊ နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီး ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဆွေဦး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်သန်းသင်း၊ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ စစ်ဦးစီးဗိုလ်မှူးချုပ် ဗိုလ်မှူးချုပ်ကိုကိုဦး၊ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံးမှ ဒုတိယဗိုလ်မှူးကြီး ဇော်လင်းထွန်း၊ ဗဟိုအဖွဲ့အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်အောင်ဝင်းဦးနှင့် တွဲဖက်အတွင်းရေးမှူး မူးယစ်ဆေး ဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်မြင့်အောင်တို့ တက်ရောက် ကြသည်။