ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် (၁၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား

Printer-friendly versionSend by email

ရန်ကုန် မေ ၁၁

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များ၏ (၁၇)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက်အမှာစကား ပြောကြားသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေးကော်မတီ ဒုတိယ ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီး များ ဖြစ်ကြသည့် ဦးအောင်ထူးနှင့် ဦးဝင်းမော်ထွန်း၊  ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးများ၊ လုပ်ငန်းကော်မတီ(၅)ရပ်မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ကလေး-တမူး နယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံဂျုံလုပ်ငန်းများအသင်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေက အမှာစကားပြောကြားရာ၌ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးမူဘောင်ပါ ကိစ္စရပ်များ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်အတွက် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို နိုင်ငံတော်သမ္မတရုံးမှ ၂ဝ၁၆ ခုနှစ် အောက်တိုဘာ ၂၄ ရက်က စတင်ဖွဲ့စည်းခဲ့သည့်အတွက် သက်တမ်းတစ်နှစ်ခွဲကျော်ပြီ ဖြစ်ပါကြောင်း၊ ကော်မတီစတင်ဖွဲ့စည်းစဉ်ကတည်းက လုပ်ငန်းတာဝန် ၅ ရပ်ချမှတ်ခဲ့ပြီး အဆိုပါ လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကော်မတီ ၅ ခုကို ဖွဲ့စည်းဆောင်ရွက်ခဲ့ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီအနေဖြင့် လုပ်ငန်းကော်မတီ ၅ခု၏ ဆောင်ရွက်မှုများကို နှစ်လတစ်ကြိမ်ကျင်းပသည့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးလျက်ရှိရာ ပြီးခဲ့သည့် ဧပြီ ၂၇ ရက် က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ သတ္တမအကြိမ်မြောက် လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကိုလည်း ကျင်းပခဲ့ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထောက် အကူ ပြုနိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး အစုအဖွဲ့အလိုက်၊ လုပ်ငန်းကဏ္ဍများအလိုက် အခက်အခဲများကို ၂ဝ၁၆ ခုနှစ် ဒီဇင်ဘာမှစတင်ပြီး ဖြေရှင်း ပေးလျက်ရှိရာ ပြီးခဲ့သည့် ဧပြီလအထိ တွေ့ဆုံဆွေးနွေးမှုအကြိမ်ပေါင်း (၁၆)ကြိမ် ဆောင်ရွက်ခဲ့ပြီး အကြံပြုတင်ပြချက် စုစုပေါင်း(၂၄၅)ချက်ရှိခဲ့ပါကြောင်း၊ အဆိုပါ အချက် များအားလုံးကို သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းရှင်များထံသို့ ပြန်ကြားပေးပြီးဖြစ်ပါ ကြောင်း။

အချို့ကိစ္စရပ်များသည် မပြီးပြတ်သေးဘဲ ဆက်လက်ဖြေရှင်းဆောင်ရွက်ပေးရမည့် လုပ်ငန်းများဖြစ်နေသည့်အတွက် လုပ်ငန်းကော်မတီ ၅ ရပ်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် တင်ပြသူ ပုဂ္ဂလိကလုပ်ငန်းရှင်များတွေ့ဆုံ၍ ဆွေးနွေးပွဲ (Public - Private Dialogue)များကို စဉ်ဆက်မပြတ်ပြုလုပ်၍ ပြီးပြတ်သည်အထိ ဖြေရှင်းဆောင် ရွက်ပေး လျက်ရှိပါကြောင်း။

ရင်းနှီးမြှပ်နှံမှုများ တိုးမြှင့်ဝင်ရောက်လာစေရေးအတွက် နိုင်ငံတော်က ခေတ်စနစ် နှင့်လျော်ညီသည့် ဥပဒေမူဘောင်များ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်များကို ဖြေလျှော့ ဆောင်ရွက်ပေးခဲ့ပါကြောင်း။

အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ပြီး ရေရှည်ရပ် တည်နိုင်ရန်နယ်စပ်ဒေသမှ တရားမဝင်ကုန်ပစ္စည်းများ ဝင်ရောက်မှုမရှိစေရေးအတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတို့ ပေါင်းစပ်ညှိနှိုင်း၍ တရားမဝင်ကုန်သွယ်မှုများ ဝင်ရောက်လာနိုင်သည့် ရှောင်ကွင်းလမ်းကြောင်းများကို တားဆီးထိန်းချုပ်နိုင်ရန် အထူးအဖွဲ့များ ဖွဲ့စည်းကာ စီစဉ်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း။

၂ဝ၁၈ ခုနှစ် Doing Business နှင့်ပတ်သက်၍ ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် အဆင့် (၁၇၁)၌ ရောက်ရှိနေသည်ကို တွေ့မြင်ကြရ မည်ဖြစ်ပါကြောင်း၊ သုံးနှစ်အတွင်း အဆင့် (၁ဝဝ)အောက်ရောက်ရှိရန် အထူးအလေး ထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ရည်မှန်းချက် အောင်မြင်စေရန်အတွက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်သည့် အဖွဲ့ဝင် (၁၄)ဦးနှင့် ဖွဲ့စည်း ဆောင်ရွက်ခဲ့ပါကြောင်း။

Ease of Doing Business Indicator များအလိုက် ညွှန်းကိန်း (၁ဝ)ခုကို လုပ်ငန်းအဖွဲ့ (၁ဝ)ဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ Ease of Doing Business ကဏ္ဍ (၁ဝ)ခုမှ Getting Credit နှင့်စပ်လျဉ်း၍ ချေးငွေနှင့် သက်ဆိုင်သည့် သတင်းအချက်အလက်များ စုဆောင်းသည့်အဖွဲ့အစည်း(Credit Bureau)ကို ခွင့်ပြုပေး ပြီးဖြစ်ပါကြောင်းနှင့် မကြာမီထုတ် ပြန်ကြေညာသွားမည်ဖြစ်ပါကြောင်း။

Ease of Doing Business Ranking တိုးတက်ရေးအတွက် မေးခွန်းများ ဖြေကြားရာတွင် ဖြေကြားသူများ(Respondents) ဘက်မှ ဖြေလျှော့ဆောင်ရွက်ပေးမှု များအပေါ် မှန်ကန်စွာဖြေဆိုနိုင်ရေး သက်ဆိုင်ရာလုပ်ငန်းရှင်များ၊ အဖွဲ့များအား တွေ့ဆုံ ရှင်းလင်းဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ အထူးသဖြင့် လုပ်ငန်းရှင်များဘက်က စနစ်တကျပြန်လည်ဖြေကြားနိုင်ရေးကိုလည်း UMFCCI မှ ပူးပေါင်းဆောင်ရွက်မှုနှင့် တကယ်လက်တွေ့နယ်ပယ်တွင် ပြုပြင်ပြောင်းလဲမှု တိုးတက်မှုအခြေအနေများကို ပေါ် လွင်အောင်ဖြေကြားနိုင်ရေးကိုလည်း အလေးထား ကူညီဆောင်ရွက်ပေးစေလိုကြောင်း။

ယနေ့ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးမည့် အသင်းအဖွဲ့ လေးဖွဲ့အနေဖြင့် မိမိတို့ အသင်းအဖွဲ့များ၏ တွေ့ဆုံနေရသော အခက်အခဲများကို ပွင့်ပွင့်လင်းလင်း ဆွေးနွေး တင်ပြကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဒုတိယဥက္ကဋ္ဌ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က ဝန်ကြီးဌာန အနေဖြင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများတွင် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြော ကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်း ဒေသကြီးအတွင်း စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးသွားလုပ်ငန်းများ တိုးတက်စေရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ အဖွဲ့ခေါင်းဆောင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက Ease of Doing Business Ranking တိုးတက်ရေးအတွက် ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ  ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြော ကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကလေး-တမူး နယ်စပ်ကုန်သွယ် ရေးကုန်သည်များအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဂျုံလုပ်ငန်းများအသင်းနှင့် မြန်မာနိုင်ငံကျောက် မျက်ရတနာလုပ်ငန်းရှင်များအသင်းတို့မှ  တာဝန်ရှိသူများက သက်ဆိုင်ရာလုပ်ငန်း ကဏ္ဍများအလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စု ဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေး ကြသည်။

ယင်းနောက် ဒုတိယသမ္မတဦးမြင့်ဆွေက နိဂုံးချုပ်အမှာစကားပြောကြားပြီး တွေ့ဆုံ ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်သည်။